Monday, December 7, 2009

စိတ်ကူးယဉ်

စားချင်တာလေးတွေ စာရင်းလုပ်လိုက်ဦးမယ်။ အကုန်စားနိုင် မစားနိုင်၊ စားဖြစ် မစားဖြစ် ဆိုတာကတော့ ကံနဲ့ဆိုင်သွားပြီ......။
မန္တလေးက......
မြီးရှည်... ထမင်းပေါင်း(ရန်ကုန်လိုအရည်ပြဲစိနဲ့ မဟုတ်ဘူး)...... ပဲပုပ်နဲ့သုပ်တဲ့ ထမင်းသုပ်နီနီလေး.......
ကြာဇံဟင်းခါး....... ခိုတောင်မုန့်တီ။
တောင်ပိုင်းရှမ်းရဲ့ …......
အင်းလေးဝက်သားချဉ်........ ငါးထမင်း........ ဟင်းထုပ်........ တိုဟူးသုပ်........ ရေကြက်ကြော်........ ငါးဖိန်းနဲ့လုပ်တဲ့ ငါးဒုက္ခ........ ငါးဖက်အုံး.......
ခေါက်လျှံဖွန်း......... ခေါက်ဆင့်.......... ဖက်ထုပ်ကြော်(ကောထယ်)နဲ့ မြီးရှည်....... တိုဟူးနွေးကို အီကြာကွေးနဲ့(ဆန်စေးခေါက်ဆွဲ မကြိုက်လို့)........ ရေစိမ်ခေါက်ဆွဲအရည်ကို ဆီတိုဟူးလေးထည့်ပြီး ကြက်ခြေထောက် ဟင်းနဲ့....... ခေါပုတ်ကင်(အမဲရောင်)...... သားရေပွသုပ်....... ဆလပ်ရိုးသုပ်(မိုစွန်း)...... နမ်တုန်........ ရှမ်းဝက်အူချောင်း....... ဆူကာရွက်ကြော်...... ငါးသဖွဲကြော်ကို ကြက်သွန်မြိတ်များများနဲ့ ပြန်ချက်....... ငါးလူးငါးပိကောင် သေးသေးလေးတွေ ကြော်/အိုးကပ် (ငါးပိချေးခါးလို့လည်း ခေါ်တယ်။ ဗိုက်မဖောက်ပဲ ငါးပိကောင် လုပ်ထားတာ.)....... ဆီတိုဟူး........ မုန်ညင်းချဉ်......... ပဲပုပ်စေ့ချက်....... မုန်ညင်းစောကို အပေါ်က ငရုတ်သီးစိမ်းနဲ့ နံနံပင်တောက်တောက်စင်း ဖြူးထားတာ........ မုန်ညင်းစိမ်းနဲ့ပဲပုပ် ဟင်းချို........ လမ်းဘေးက ရှမ်းတရုတ် ထမင်းဆိုင်လေးတွေမှာ စားချင်တယ်။
မြောက်ပိုင်းရှမ်းရဲ့...........
တိုဟူးသုပ်......... ၀က်သားချဉ်။
ရန်ကုန်က.......
အာပူလျှာပူ အရည်/အသုပ်...... မုန့်ဟင်းခါး...... တုတ်ထိုး...... ကြေးအိုး...... ဆူကီ...... တရုတ်တန်းက ဆန်ပြုတ်နဲ့ ဘဲသား/သွေးသုပ်........ ပဲပြုတ်နံပြား....... ကြက်ကင်(အရိုးနဲ့ဟာ)...... ကျွဲကောသီး အပါအ၀င် ရာသီစာ သစ်သီးများ..... ပြီးတော့ အောင်သုခ ၊ အမှတ်တရ ၊ လားရှိုးလေး နဲ့ ပွိုင့် ….... ဆိုင်မှာ သွားစားမယ်။
အိမ်ဟင်းလေးတွေဆိုရင်တော့.........
ဆိတ်သားလုံးချက်...... ပုန်းရည်ကြီး ၀က်သားနဲ့ လက်ပံပွင့်ချဉ်ရည်ဟင်း...... ၀က်သားအိုးကြီးချက်...... ငါးသားလောက်ဥကြော်/ချက်....... ငါးဆားနယ်ချက်...... ငါးပိတစ်ချက်....... ငါးပိဒလိမ်းထိုး....... ငါးပိလိမ္မာကြော်........ ငါးရံ့ခြောက်ဖုတ်....... ငါးခူငါးပိကောင်နဲ့ ငရုတ်သီးနဲ့ကြော်........ငါးဖန်းမ ငါးပိကောင် အိုးကပ် / ကြော်....... ငါးပိငါးခြောက် ငံပြာရည်ဟင်းများ...... ငါးပိရည်ကြိုနဲ့ တို့စရာအစုံ....... ကြက်ဟင်းခါးသီးကို ခြောက်ခြောက်လေးကြော်...... ဂွေးတောက်ရွက်ကြော်/ဟင်းချို....... ချဉ်ရည်ဟင်းများ...... ချဉ်ပေါင်နဲ့ငါးနဲ့ ပျစ်ပျစ်လေးချက်...... ချဉ်ပေါင်ကြော်.......ငါးဖယ်ကြော်/သုပ်...... ငါးမုတ်ကြော်/အချိုချက်...... ငါးခေါင်းဟင်းရည်...... ပုစွန်.......ပုစွန်ခေါင်း...... ငါးခူ.....ငါးရံ့........ ရေချိုငါးမျိုးစုံ....... မလွှပွင့်အသားသွတ်....... ပုစွန်ချဉ်ကြော်/သုပ်...... ငါးချဉ်ကြော်...... မုန်ညင်းချဉ်နဲ့ အသားရောကြော်...... ဆီတိုဟူးချက်...... ပဲငပိချက်........ နှမ်းဖတ်ချဉ်သုပ်(စားချင်ပြန်ပြီ..မမှတ်သေးဘူး)...။

ဒီလောက်ပါပဲ။ သတိရလျှင် ရသလို ထပ်ဖြည့်ပါမည်။

Read More...

Sunday, December 6, 2009

စိတ်နဲ့ တို့နဲ့ ညစ်တယ်

ဒီဇင်ဘာလဆိုတာ ဒီနိုင်ငံမှာ အားလပ်ရက် များများရတဲ့လ ဖြစ်သလို ဗမာပြည်မှာလည်း ဆောင်းတွင်းကျလို့ နေလို့ထိုင်လို့ လည်ပတ်လို့ ကောင်းတဲ့လပါ။ ဒါကြောင့်လည်း အခြားအထွေအထူး အကြောင်းအရာ မရှိရင် ကျမတို့ များသောအားဖြင့်တော့ ဒီလထဲမှာ ပြန်လေ့ရှိကြတယ်။ ကျမအသိ တော်တော်များများလည်း ဒီလိုပါပဲ။ ပြီးတော့ ဒီမှာက ခရစ်စမတ်ပွဲတော်နဲ့ နီးလာလေလေ ဆိုင်တွေမှာ လူတွေပြည့်လေလေနဲ့ ဈေးတခါဝယ်ပြီးရင် ပိုက်ဆံပေးဖို့ တန်းစီရတာကိုက ပုံမှန်နဲ့မတူ အကြာကြီး စောင့်ရ၊ လမ်းတွေပေါ်မှာ ယာဉ်အသွားအလာကလည်း ရှုပ်ယှက်ခတ်နေတော့ ကျမတို့နှစ်ယောက်က ဒီအချိန်ဆိုရင် တတ်နိုင်ရင် ဗမာပြည် ပြန်ချင်ကြတယ်။ မနှစ်ကတော့ အဆင်မပြေတာနဲ့ အောက်တိုဘာ လကုန်လောက်မှာ ပြန်ဖြစ်လိုက်တာ ရန်ကုန်မှာ မိုးမကုန်သေးတာနဲ့ကြုံလို့ သွားရလာရတာလည်း မလွယ်၊ ပူကလည်း အရမ်းပူတာမှ မနေနိုင်လောက်အောင် ပူပါတယ်။ အရင်က ရန်ကုန်မှာ (အပြင်အရမ်းထွက်ရတဲ့သူ ဖြစ်တော့ အသားမဲမှာစိုးလို့) လက်ရှည်ချည်း ၀တ်ခဲ့တာ ဘယ်လိုများ နေနိုင်ခဲ့ပါလိမ့်လို့် ကိုယ့်ကိုကိုယ် နားမလည်နိုင်အောင် ဖြစ်ရတယ်။ နည်းနည်း ရှည်နေပြီဖြစ်တဲ့ဆံပင်ကို မခံမရပ်နိုင်အောင် ပူတာနဲ့ ရောက်ရောက်ချင်းပဲ သွားညှပ်လိုက်ရတယ်။ ဒီပြန်ရောက်တော့လည်း ခရစ်စမတ်မို့လို့ အားလပ်ရက်က မယူချင်သော်လည်းပဲ ထပ်ယူလိုက်ရပြန်ရော။ ပွဲတော်ရက် လူရှုပ်ရှုပ်ကိုလည်း ကြုံလိုက်ရတာပေါ့။
ပြန်မယ်ဆိုရင် မပြန်ခင် ဒီမှာ ရင်ဆိုင်ရတဲ့ ပြဿနာကတော့ လူကြုံပါးလိုတဲ့ ပြဿနာပါ။ အဲဒီပြဿနာကို စစချင်း ပြန်မယ့်နှစ်မှာကတည်းက တခါအမုန်းခံပြီး ဖြေရှင်းထားပါတယ်။ စာနဲ့ ပိုက်ဆံပဲ ယူသွားပေးနိုင်ပါမယ် လို့လေ။ စစချင်းကတည်းက အကျင့်လုပ်ပြီး ပစ္စည်းလုံးဝ မယူသွားပေးတာ ကောင်းပါတယ်။ အခု ဘာမှ လာမပေးတော့ပါဘူး။ ပိုက်ဆံကို ယူသွားပေးရတာကတော့ ကိုယ်ချင်းစာလို့ပါ။ တချို့ဆိုရင် မိသားစုက နယ်ကဆိုတော့ ရန်ကုန်မှာ လာယူပေးမယ့်သူတောင် မရှိဘူး။ ကိုယ်ကပဲ ဘဏ်ကတဆင့် သူတို့မိဘရှိရာ မြို့ကို ငွေပြန်လွှဲပေးရတာ။ ဒီလိုမျိုးကတော့ ကူညီချင်ပါတယ်။ ဒါပေမယ့် ဗမာပြည်က သူတို့အိမ်က ပို့ပေးမယ့်ပစ္စည်း (စားစရာအထုပ်တွေပါ)သယ်လာပေးဖို့ ပြောရင်တော့ ငြင်းရပြန်ပါတယ်။ ခင်မင်တဲ့ သူငယ်ချင်းတွေကို တောင်မှ အရေးကြီးတဲ့ စာရွက်စာတမ်း ဆိုရင် သယ်လာပေးမယ်၊ ပစ္စည်းဆိုရင်တော့ လက်တ၀ါးစာလောက်အထုပ်ကို အလေးချိန်လည်း မလေးတဲ့ဟာမှ သယ်လာနိုင်မယ်လို့ ပြောထားရတယ်။ တချို့ကလည်း ခင်မင်နေတော့ ဘယ်လိုပြောထားထား စားသောက်စရာ လက်ဆွဲအိပ်တလုံး အတင်းကို ဆွဲလာခိုင်းတယ်။ အတင်းကို ပြောတာ။ ဒီကလည်း အတင်းကို ထပ်ထပ် ငြင်းပစ်ခဲ့တာပါပဲ။ ကိုယ်ကလည်း ဘယ်သူပြန်ပြန် စားစရာကတော့ ဘာမှကို မမှာပါဘူး။ ဒီမှာရတဲ့ စားစရာနဲ့ တင်းတိမ်ပါတယ်။ အားလုံးမဟုတ်တောင် အာရှဆိုင်တွေကြောင့် တော်တော်များများ အိမ်ကဟင်းလိုပဲ ချက်လို့ရပါတယ်။ စာရွက်စာတမ်းသာ အရေးကြီးလို့၊ လူလည်းကြုံလို့ မှာဖူးတာပါ။ စားစရာ သယ်ပေးမယ်လို့ပြောတဲ့ သဘောကောင်းတဲ့ သူငယ်ချင်းကိုတောင်မှ ကိုယ့်အလှည့်မှာ မသယ်ပေးနိုင်လို့ အိမ်က မီးကင်ပြီး ထောင်းပေးလိုက်တဲ့ ပဲပုပ်အမှုန့်လေး လက်တ၀ါးစာလောက်ပဲမှာဖူးတာ။ ဒီမှာ လုံးဝမရှိတဲ့ ဟာမို့ပါ။ လူကြုံကို အားမနာပါးမနာ လက်ဆွဲအိပ်တလုံးစာ အစားအသောက် သယ်လာခိုင်းတဲ့သူတွေ ရှိတယ်။ ကျမဆိုရင်တော့ မသယ်နိုင်ဘူးလို့ပဲ ပြောလိုက်မှာ။ ကျမသူငယ်ချင်း တယောက်က အားနာတတ်တော့ သယ်လာပေးတယ်လေ။ အိတ်ကြီးက အကြီးကြီးပဲ။
ကြားဖူးတာကတော့ အမေရိကားက သူငယ်ချင်းက လူကြုံနဲ့ ဟင်းတွေမှာလို့ ရတယ်တဲ့။ ကီလိုအလိုက် ပိုက်ဆံပေးရတယ်တဲ့။ အမေရိကားက လေယာဉ်က ပေးတဲ့ ကီလိုက များလို့ ဖြစ်မှာပါ။ အဲဒီက ဗမာပြည်ကို လေယာဉ်က တယောက် ၇၀ ကီလိုရတယ်ဆိုလား။ ကျမတို့မှာတော့ ခရီးစဉ်က ၂၈ ရက်ကျော်တဲ့ ခရီးစဉ်ဖြစ်မှ တယောက်ကို ကီလို ၃၀ အခမဲ့သယ်ခွင့် ပေးတာပါ။ ၂၈ ရက်ထက် လျော့ရင် ကီလို ၂၀ ပဲ ခွင့်ပြုတယ်။ (လက်ဆွဲကလည်း ၅ ကီလို၊ ၇ ကီလို လေကြောင်းလိုင်းအလိုက် ကွဲပြားပါတယ်။) တချို့လိုင်းတွေဆို ကီလို၂၀ ပဲ။ သူတို့ သတ်မှတ်ထားတဲ့ မိုင်အရေအတွက် စီးပြီးမှ ၃၀ ပေးတယ်။ တကယ်လို့ ဒီကနေ ကိုယ်သယ်ခွင့်ရခဲ့တာက ၃၀ ကီလို ဖြစ်ခဲ့ရင် ဘန်ကောက်မှာ ထရန်စစ်ပဲလုပ်ပြီး သွားတဲ့အခါမှာ ကိုယ့်ပစ္စည်း ပြန်မထုတ်ရလို့ ရန်ကုန်ထိ တောက်လျှောက် ကိစ္စမရှိပေမယ့် ဘန်ကောက်မှာ ခရီးတထောက်နား လည်ပတ်ပြီးမှ ရှေ့ဆက်တဲ့အခါ ကိုယ်ဝယ်ထားတဲ့ နောက်လေယာဉ်က ၂၀ ကီလိုပဲ ပေးသယ်ရင် ကျန် ၁၀ ကီလိုအတွက် ပိုက်ဆံပေးရပါတော့မယ်။ ကျမတို့ကတော့ ကိုယ်ဖရီးရတဲ့ ကီလိုကို မိသားစုအတွက် ကိုယ်သယ်ချင်ရာ အပြည့်သယ်သော်ငြားလည်း ပိုက်ဆံပိုပေးပြီး သယ်လောက်စရာကတော့ မရှိတဲ့အတွက် အခမဲ့ပေါင်ချိန်ထဲကပဲ တိုင်းပြီး သယ်ပါတယ်။ ဒါကြောင့် သူများလူကြုံ ဘာမှ မယူပေးနိုင်ပါဘူး။ ကီလို ၂၀...၃၀ ဆိုတာ တကယ်တော့ ဘာမှ ထည့်လို့မရဘူး။ ကိုယ်ယူသွားချင်တာ အကုန်တောင် မယူသွားနိုင်ဘူး။ ပိုက်ဆံပေးပါ့မယ် ဆိုတာတောင်မှ ကိုယ့်ကီလိုထဲက ဖဲ့မပေးနိုင်ပါဘူး။ (ဒါပေမယ့် ကျမတို့ ဒီက အသိုင်းအ၀ိုင်းမှာ ပိုက်ဆံနဲ့ ပစ္စည်းသယ်တာတော့ တခါမှာ မကြားမိဘူး။)
ဒုတိယ ပြဿနာကတော့ လေဆိပ် လူဝင်မှုကြီးကြပ်ရေးမှာ ရစ်တာပါပဲ။ ဘယ်လိုပဲ ရှေ့ဆုံးက တန်းစီစီ ကျမ ပတ်စ်ပို့စ်ကို ဖွင့်ကြည့်ပြီးတာနဲ့ အောက်ဆုံးကို ပြန်ထည့်လိုက်ပါတယ်။ ကျမကို တခုမဟုတ်တခု အပိုစာရွက်တွေ ဖြည့်ခိုင်းပါတယ်။ အဓိက ကတော့ ငွေညှစ်ချင်လို့ နောက်ဆုံးပို့တာပါ။ ရှေ့မှာဖြစ်နေရင် နောက်ကလူတွေ မြင်မယ် ကြားမယ် မဟုတ်လား။ မနှစ်ကလည်း ဒီလိုပဲ တန်းစီတာ ရှေ့နားကျတာကို ကျမစာအုပ်ကို ဖွင့်ကြည့်ပြီးတာနဲ့ ကျမကို A4 ဆိုက် စာရွက်တရွက်ပေးပါတယ်။ အမည်၊ အဖအမည်၊ နေမယ့်လိပ်စာ ဖြည့်ဖို့စာရွက်ပါ။ လေယာဉ်ပေါ်မှာလည်း ဖြည့်ပြီးသား။ ဒီစာရွက်က သက်သက်မယ့် ကြန့်ကြာအောင် ဂွင်ရိုက်တဲ့ စာရွက်လို့ ထင်တာပဲ။ တခြားနှစ်တွေ တခါမှ မဖြည့်ဖူးဘူး။ ကျမက ဘောလ်ပင် မပါလို့ “ဟုတ်ကဲ့” ပြောပြီး “ဖြည့်ဖို့ ဘောလ်ပင်လေး ခဏငှားပါ” ဆိုတော့ အဲဒီလူက ကျမကို ဒီနေရာမှာ တထိုင်တည်း မဖြည့်စေချင်ပါဘူး။ တကယ်ဆို ဘာမှကြာမှာမဟုတ်တာကို။ သူက ဘောပင်တချောင်းပေးပြီး “ဒီမှာရပ်မဖြည့်ပါနဲ့.. ကျနော် ဆက်အလုပ်လုပ်ရမယ် တခြားမှာ သွားဖြည့်ပြီးမှ ပြန်လာပါ” ဆိုပြီး ပြောပါတယ်။ ဒေါသဖြစ်ပေမယ့် ဘယ်တတ်နိုင်မလဲ တန်းစီရာက ထွက်ရတော့တာပေါ့။ ဒါနဲ့ပဲ ပြန်လာတော့ နောက်ဆုံးဖြစ်သွားတယ်။ ကောင်တာရှေ့ပြန်ရောက်တော့ ထုံးစံအထိုင်း လက်ဆောင်တောင်းပါတယ်။ ကျမက “မပါဘူး” လို့ပြောတာကို ပတ်စ်ပို့စ်ချက်ချင်း ပြန်မပေးပဲ ဟိုစစ်ဒီစစ်နဲ့ အတင်းကို တောင်းပါတယ်။ “အချင်းချင်းမို့ လုပ်ပေးလိုက်မယ်..လက်ဆောင်တော့ လုပ်ပါတဲ့” သူပြောတဲ့ ပုံက ကျမကပဲ စာရွက်အတုနဲ့ ၀င်လာသလိုလို၊ အခွန်မဆောင်ပဲ ၀င်လာသလိုလိုနဲ့။ ကျမကလည်း လိုအပ်တဲ့ စာရွက်အားလုံးပါတာမို့ ခပ်အေးအေးပါပဲ။ လူတွေလည်း ကုန်နေပါပြီ။ ရစ်ချင်သလောက်ရစ်လေ၊ ကျမကတော့ “မပါဘူး” ပဲ။ “မပါလည်း ဒီမှာဝယ်ပေးလို့ ရတယ်” တဲ့။ လူတွေလည်း ကုန်လို့ ကျမတယောက်ပဲ ကျန်တော့တယ်။ တခြားကောင်တာတွေမှာလည်း ဘယ်သူမှ မရှိကြတော့ဘူး။ နောက်ဆုံးမှာတော့ အလုပ်ပြီးသွားတဲ့ သူတို့အဖွဲ့ထဲက လူတယောက်က “ဟေး ခင်ဗျား မိန်းမ ဖုန်းဆက်တယ် အပြင်မှာစောင့်နေတာ ကြာပြီတဲ့” ဆိုပြီး ကောင်တာကလူကို လှမ်းပြောတယ်။ ဒါကလည်း အရှက်ပြေ သူကျမကို လွှတ်လိုက်လို့ရအောင် ပြောတာပါ။ အဲဒီစကားကြားမှ ကောင်တာက လူကလည်း သူ့မိန်းမအပြင်မှာ စောင့်နေတာမို့ ကျမကို ဆက်ပြောတော့တဲ့ ပုံစံနဲ့ စာအုပ်လှမ်းပေးပါတော့တယ်။
ဒါက နှစ်တိုင်း ကြုံရတဲ့ ကိစ္စပါ။ ကျမအမြင်တော့ မိန်းခလေးကို ပိုရစ်တာ တွေ့ရတယ်။ ယောက်ျားလေးတွေကို မတောင်းဘူးမဟုတ် တောင်းတာတော့ တောင်းတယ်။ ဒါပေမယ့် တောင်းလို့ မကျနိုင်တဲ့သူဆိုရင် သိပ်ရှည်ရှည်ဝေးဝေး မပြောဘူး။ လွှတ်ပေးလိုက်တယ်။ မိန်းကလေးကျတော့ ကြောက်တတ်လန့်တတ်တဲ့ စိတ်အခံ ရှိတော့ ပိုလှန့်ပြီး တောင်းတယ်လို့ ထင်တယ်။ တခါကလည်း ကျမရှေ့က မိန်းကလေးတယောက် သူတို့ကို တခုခုဝယ်ပေးတာ တွေ့လိုက်တယ်။ ဒါကတော့ သူ့မှာ လိုအပ်တဲ့ စာရွက်စာတမ်းမပါလို့လား တခုခုကြောင့် ဖြစ်မှာပါ။ ကျမအလှည့်ရောက်တော့ ထုံးစံအတိုင်း ကျမက “လက်ဆောင်မပါဘူး” လို့ပြောတယ်။ သူတို့ကလည်း ထုံးစံအတိုင်း “ဒီမှာဝယ်ပေးလည်း ရတယ်” ပြော။ ကျမက တုတ်တုတ် မလှုပ်တော့ သူတို့က ကျမပတ်စ်ပို့စ်ကို ဖင်ပြန်ခေါင်းပြန်စစ်ပြီး “နာမည်ရေးထားတဲ့နေရာမှာ ဖျက်ရာတွေ့တယ်နော်” တဲ့။ ကျမကလည်း သည်းခံစိတ်ကုန်ဆုံးနေပြီမို့ ခပ်ဆတ်ဆတ်ပြန်ပြောလိုက်တယ်...“အဲဒါ ပတ်စ်ပို့စ်ရုံးက ထုတ်ပေးတဲ့အတိုင်းပဲ...ဘာမှ ကျမပြင်မထားဘူ...အဲဒီအတိုင်းပဲ ကျမရလာလို့ ခရီးလည်း အခါခါ ထွက်ခဲ့ပြီးပြီ” လို့။ “ဟုတ်ပါတယ် ဟုတ်ပါတယ်...ကျနော်တို့ကလည်း ပြင်ထားတယ်လို့ မဆိုလိုပါဘူး...တွေ့တာကို ပြောတာပါ” တဲ့ ဆိုပြီး ခြောက်မရမှန်းသိလို့ လွှတ်ပေးလိုက်ပါတော့တယ်။
တခါကတော့ ကျမ ခရီးသွားတုန်း ဗိုက်မကောင်းဖြစ်လာလို့ ရန်ကုန် လူဝင်မှုကြီးကြပ်ရေးမှာ မကြာချင်တာနဲ့ ကောင်တာရောက်ရောက်ချင်း လက်ဆောင်တောင်းတဲ့သူကို ဘာမှပြောမနေတော့ပဲ ငါးကျပ်တန်တရွက် လှမ်းပေးလိုက်တယ်။(အဲဒီတုန်းက ကောင်တာမှာ လူတယောက်တည်း ရှိနေတယ်။ ကျမက ထိပ်ဆုံးက။ အမြန်ဆုံးလျှောက်လာတော့ တခြားသူတွေတောင် ကောင်တာအထိ မရောက်ကြသေးဘူး။ လေဆိပ်အသစ်က ဆောက်နေဆဲ မပြီးတပြီးအချိန်ထင်တယ်။ ကောင်တာ ဒီပုံစံမဟုတ်သေးဘူး။) တသက်မှာ အဲဒီတခါပဲ အဲဒီမှာ ပိုက်ဆံပေးဖူးတယ်။ ဒီလို လွယ်လွယ်နဲ့ ၅ ကျပ် ရတာကို အဲဒီလူက ကျေးဇူးမတင်တဲ့အပြင် “၁၀ ပေးပါ” တဲ့လေ။ နည်းတယ်ပေါ့။ ကျမကလည်း သူ့ကို “၅ ကျပ်ပဲပါတယ်” ပြောတာ မရဘူး။ သူတို့သုံးနေကျ စကားအတိုင်း “အချင်းချင်းတွေမို့ လွှတ်ပေးလိုက်မယ် ၁၀ တော့ လုပ်ပါ” တဲ့။ အဲဒီမှာ ကျမလည်း စိတ်တိုသွားတယ်။ ဒါနဲ့ “ကျမမှာ လိုအပ်တဲ့ စာရွက်စာတမ်းအားလုံးပါတယ်။ ဒီကို တရားဝင်ပြန်လာတာ။ သံရုံးက လိုအပ်တာ အားလုံးအစစ်တွေ ယူလာတယ်။ ဦးလေး ကြိုက်သလောက်စစ်ပါ။ ဒါတွေအတုမို့ ပိုက်ဆံပေးတာမဟုတ်ဘူး။ ဦးလေးက လက်ဆောင်တောင်းလို့ ကျမက ခင်မင်မှုနဲ့ ပေးတာ” လို့ သူ့ကို ဦးလေးခေါ်ပြီး ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တယ်။ ဒါတောင်မှသူက မလျှော့သေးဘူး။
“တိုးပေးပါ”
“မပေးနိုင်ဘူး ဦးလေး”
“မတိုးတော့ဘူးပေါ့”
“ဟုတ်ကဲ့”
“တကယ်မတိုးတော့ဘူးပေါ့”
“ဟုတ်ကဲ့”
“ ကဲကဲ..ဒါဆိုလည်းသွား” တဲ့။
နှစ်တိုင်း တနှစ်တမျိုး မရိုးရအောင် အရစ်ခံရပါတယ်။ ကျမကလည်း အဲလို မတရား ပေးရမှာမျိုး အသေမုန်းပါတယ်။ ကောင်တာက လူတွေဟာ သူတို့ကို အကြောင်းရှိတဲ့သူတွေ ပေးကြတာမို့ ရနေကျလို ဖြစ်ပြီး တခြားလူတွေကိုပါ ငွေလိုက်ညှစ်တာ အကျင့်ပါနေကြတယ်။ ကိုယ့်မှာ စာရွက်စာတမ်း အစုံပါရင် တကယ်တော့ ဘာမှပေးစရာ မလိုတဲ့ဟာကို ကျမအသိသူငယ်ချင်းတွေ တချို့က ပေးကြတယ်။ ကျမ သူငယ်ချင်းတယောက်က ရေမွှေးပုလင်းလေးတွေ ယူသွားပြီးပေးတယ်တဲ့။ တယောက်ကတော့ ၁၀ ယူရို ပေးလိုက်တယ်တဲ့။ ကျမက “နင့်မှာ စာရွက်စာတမ်း အပြည့်အစုံပါတာ ဘာလို့ပေးရမှာလဲ” ဆိုတော့ သူက “ ဟာ မပေးမချင်း တောင်းတာနဲ့ ကြာလို့ ပေးလိုက်တယ်” တဲ့။ အဲလို အရစ်မခံတတ်တဲ့ သူတွေကြောင့် ရမှန်းသိလို့ ကြာကြာရစ်ပြီး တောင်းနေကြတာ။
အကောက်ခွန်မှာတော့ ကံကောင်းတာလား ဘာလားမသိ တခါမှတော့ အရစ်မခံရသေးဘူး။ သယ်တာကတော့ တပိုင်တနိုင် ပစ္စည်းအစုံပါပဲ။ အဓိကကတော့ အိမ်မှာသုံးဖို့ အိမ်သုံးပစ္စည်းလေးတွေပါ။ အဲဒါလေးတွေက ပြန်တွက်ကြည့်ရင် ဒီမှာ ဈေးပိုသက်သာတယ်။ ရန်ကုန်လေဆိပ်မှာအ၀င်မှာ သတ္တုပါတယ်ဆိုရင်ပဲ အိတ်ကို ကြက်ခြေခတ်ခံလိုက်ရပြီ။ ဒါဆိုရင် အကောက်ခွန်မှာ အိတ်ဖွင့်ပြရတယ်။ ခုထိတော့ ကြက်ခြေခတ် အမြဲခံရပေမယ့် ဖွင့်ပြလိုက်ရင်တော့ သယ်သွားသမျှ အိုကေနေသေးတယ်။ သူများလေဆိပ်တွေမှာ အိတ်တွေကို လေယာဉ်ပေါ်အတက်မှာပဲ အဓိကထား စစ်တာ။ အဆင်းဆိုရင် ဘာမှ အရေးလုပ် စစ်မနေတော့ဘူး။ ရန်ကုန်ကတော့ အဆင်းလည်း စစ်တာပဲ။
အိမ်တခါပြန်ဖို့ စဉ်းစားတိုင်း အတွေးထဲကို အရင်ဆုံး ၀င်လာတာက အဲဒီ ရန်ကုန်လေဆိပ်က စိတ်ရှုပ်ရတာတွေပါ။

Read More...

Thursday, December 3, 2009

သီးစုံဟင်းအချိုချက်၊ ဘဲကြွပ်ကြော်

တရက်တရက်လည်း ဘာချက်လို့ ချက်ရမှန်းကို မသိဘူး။ စားနေကျ ဟင်းအမယ် နည်းနည်းကိုပဲ လှည့်ပတ်ချက်နေတာ။ သိပ်အလုပ်ရှုပ်တဲ့ ဟင်းမျိုးဆိုရင် တအားစိတ်လိုလက်ရ ရှိမှ ချက်ဖြစ်တယ်။ များသောအားဖြင့်တော့ မြန်မြန်ဆန်ဆန် အသားနဲ့အသီးအရွက် ရောကြော်တွေပဲ များပါတယ်။ ကျောင်းနောက်ဆုံးနှစ် အထိ ထမင်းတအိုး မတည်ဖူးတာ၊ ဟင်းလုံးဝမချက်တတ်တာကို သိတဲ့ မေဂျာတူ အခန်းဖော်သူငယ်ချင်းက စိတ်ဝင်တစားမေးတယ်။ “အိမ်ထောင်ကျတော့ ဘာတွေများ ချက်ပြုတ်စားသောက်နေသလဲ” တဲ့။ အကြောင်းသိဆိုတော့ စိတ်ဝင်စားတယ်လေ။ ကျမက “အသီးအရွက်နဲ့အသား ဒီလိုပဲ ရောကြော်၊ လုံးချက်လိုက်တာပဲ” ဆိုတော့ “ဟင်..လွယ်လွယ်လေးတွေ” တဲ့။ လွယ်တာပဲ တမင်ချက်တာဥစ္စာ။
အဲဒီတုန်းကဆို အဆောင်အခန်းထဲမှာ လက်ဖက်နယ်လည်း သူပဲ။ ကျမရဲ့ ညံ့ချက်ကတော့ လက်ဖက်တောင် မသုပ်တတ်ဘူး။ အိမ်မှာက လက်ဖက်စားလေ့ မရှိဘူးလေ။ ဒီတော့ သိပ်မကြိုက်ဘူး။ လက်ဖက်မှာ အချဉ်နဲ့ လူကြီးစားလက်ဖက် အခါးဆိုလား ရှိတာ အဲဒီရောက်မှ သိတာ။ သုပ်လည်း မစားတတ်ခဲ့ဘူး။ အဆောင်မှာကျတော့ အလွယ်တကူ စားစရာက ဒါပဲရှိတာကိုး။ အထားလည်း ခံတယ်လေ။ ဒါတောင် ကျမက ဘယ်တော့မှ မ၀ယ်ဘူး။ သူများဝယ်သုပ်ရင်တော့ စားတယ်။ အဆောင်မှာ ထမင်းဟင်းက စားမကောင်းဘူးသာဆိုတယ် ကျောင်းတက်ချိန်တွေမှာ ပေါင်ချိန်က ပိုတိုးတယ်။ အိမ်ပြန်ရောက်ရင် ပြန်ကျသွားရော။ ပြောင်းပြန်နော်။ အိမ်ဟင်းက ပိုကောင်းတော့ အမှန်ဆို အိမ်မှာနေရင် ပေါင်ချိန်တက်ရမှာ။
အဆောင်ဟင်းက မကောင်းဘူး ဆိုပေမယ့် မနက်က အတန်းတက်ရမှာဆိုတော့ အဆာခံအောင် ထမင်းနည်းနည်းတော့ စားသွားကြရသေးတယ်လေ။ ကျွေးတာကလည်း နှစ်နပ်ကို ကျွေးတဲ့အချိန်က မနက်နဲ့ ညနေ။ အိမ်မှာ မနက်စောစော အဆာပြေ စားတဲ့အချိန် အဆောင်မှာက ထမင်းနဲ့ဟင်းအ၀ စားရသလို ဖြစ်တော့ စစချင်း မစားတတ်ဘူး။ ဒါကြောင့် နည်းနည်းပဲ စားသွားတော့ နေ့လည်ကျတော့ ပြန်ဆာရော။ ဒီတော့ ကဲန်တင်းမှာ တခါ ပြန်ထိုင်ကြတာပေါ့။ ညနေကျ အဆောင်ထမင်းပြန်စား၊ ညလည်လောက် ကျတော့ အခန်းထဲမှာ တခါထပ်စား။ ခိုးတင်ထားတဲ့ ထမင်းနဲ့ပေါ့။ ထမင်းစားခန်းထဲ သွားပြီဆိုရင် ရေနွေးသောက်ဖို့ဆိုပြီး အဖုံးပါတဲ့ မတ်ခွက်လေးတွေ ယူယူသွားကြတယ်။ တကယ်တော့ အဲဒီထဲကို ထမင်းခိုးထဲ့တာ။ ညကျ စားရအောင်လို့။ ထမင်းမတင်ဖြစ်တဲ့ ညတွေဆို ဟောလ်ကျူတာမမ သူ့ထမင်းအုပ် ဘယ်တော့အပြင်ထုတ်မလဲ ချောင်း၊ အဲဒီထဲမှာ ထမင်းကျန်သေးရင် သွားယူ၊ (အမြဲကျန်ပါတယ်။ ထမင်းအုပ်ကြီးက အကြီးကြီး။ သူက တယောက်ထဲစားတာဆိုတော့။) ပြီးတော့ လက်ဖက်သုပ်၊ အိမ်ကပို့ထားတဲ့ အသားကြော်၊ ငါးပိကြော်၊ ငါးခြောက်ကြော်တွေနဲ့စား။ ဘာမှမရှိရင် အစောင့်ဦးလေးကြီးကို ကဲန်တင်းသွားဝယ်ခိုင်း။ ၀ယ်ခပေးရတယ်။ အဲလိုအဲလို စားကြတာ။ ဒီတော့ ပေါင်ချိန်က မတက်ခံနိုင်ရိုးလား။
အော်... ကိုယ်ချက်တဲ့ ဟင်းလေးတွေ တင်မလို့လုပ်ရင်း၊ “နင်ချက်တဲ့ဟင်းတွေကလည်း လွယ်လွယ်လေးတွေ” လို့ ပြောတဲ့ သူငယ်ချင်းကို သတိရရင်း တဆက်တည်း အဆောင်က အကြောင်းတွေပါ သတိရသွားတာ။ သူကတော့ ပြောနိုင်ပေမပေါ့။ သူက အဲဒီတတည်းက ထမင်းဟင်း အကုန် ချက်တတ်တဲ့သူကိုး။ ဒါပေမယ့် ခုထိ အပျိုကြီး ဖြစ်နေတာတော့ နှမြောစရာ။ ပြန်သွားမှ “နင်ဟင်းချက်ကောင်းတာ ဘယ်သူ့အတွက်လဲ...ဘယ်သူကသိတော့မှာလဲ ..”လို့ စရမယ်။

ကဲ..လာပါပြီ အသားနဲ့ အသီးအရွက်ရောရာ ဟင်းလေး......ပါတာတွေကတော့ ကြက်သားတောက်တောက်စင်း၊ မှိုအစုံ ၊ ခါဂျဲဥ၊ ဆူခိနီ၊ Pastinak ဥ(အင်္ဂလိပ်လို parsnip)။ ဒီ Pastinakဥ ကို တခါမှ မချက်စားဖူးလို့ စမ်းပြီး ၀ယ်ချက်ကြည့်တာ။ မုန်လာဥ၊ ခါဂျဲဥ တို့လို အမျိုးအစားပါပဲ။ အဖြူရောင်။ ထိပ်က ပိုကြီးပြီး အမြီးဖက်ကို ရှုးသွားတယ်။ အရသာက ချိုတယ်။ (သူရော ကျမပါ သိပ်မကြိုက်ကြလို့ နောက်တခါတော့ ၀ယ်ချက်ဖြစ်တော့မှာ မဟုတ်ဘူး။) ဒါတွေကို ရောပြီး အချိုချက်ကလေး ချက်လိုက်တယ်။
မှိုအစုံ တထုပ်ဝယ်လာခဲ့တဲ့ အထဲက ဟင်းရည်လုပ်ဖို့ နည်းနည်း ဖယ်ထားတယ်လေ။ ကြက်သားတောက်တောက်စင်းလည်း ဖယ်ထားတယ်။ သူတို့ကိုရောပြီး စပါးလင်နဲ့ ဟင်းရည်လုပ်လိုက်တယ်။

ဘဲကြွပ်ကြော်က တရုတ်ဆိုင်က ၀ယ်လာတာ.....ဒီအချဉ်က ကိုယ့်ဟာကိုယ် လုပ်တာ။ ကြက်သွန်ဖြူ ၊ ဂျင်း နဲ့ နံနံပင်ကို တောက်တောက်စင်း၊ ပဲငံပြာရည်ထည့်ပြီး သံပုရာသီး ညှစ်ထားတာ။ သူအရမ်းကြိုက်တယ်။

Read More...

Monday, November 30, 2009

Utapao ကို ရောက်ဖူးခဲ့ခြင်း အကြောင်းရင်း

မနှစ်က ဒီလိုအချိန်မှာ ဒုက္ခရောက်ခဲ့ရတာ မှတ်မိသေးတယ်။ နိုဝင်ဘာလ ၂၅ ရက်မှာ ထင်တယ် ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်ကို ဆန္ဒပြသူတွေ သိမ်းလိုက်တော့ လေယာဉ်တွေ မဆင်းနိုင်ဘူး ဖြစ်သွားတဲ့အချိန်။ ကျမတို့က ဗမာပြည်ကို အလည်ရောက်နေရာက ပြန်မယ့်ဆဲဆဲ။ ပြန်မယ့်နေ့က နိုဝင်ဘာ ၃၀ ရက်ဆိုတော့ “ငါးရက်လောက်တော့ လိုပါသေးတယ်...အဲဒီမတိုင်မီ ပြန်ဖွင့်ရင် ဖွင့်မှာပါ” ဆိုပြီး စောင့်နေတာ။ ဒီကြားထဲတော့ Air Asia ရုံ့းကို ခဏခဏသွားကြည့်တာပဲ။ ခရီးစဉ်တွေ ရပ်ထားပြီး ရက်ပဲရွှေ့နေတယ်။ တခြား ဗမာပြည်က အဲလိုင်းတွေ ဘန်ကောက်လေဆိပ်အစား ဖွင့်ပေးထားတဲ့ Utapao လေဆိပ်မှာ ဆင်းနိုင်နေပေမယ့် Air Asia က မပါဘူး။ ကြည့်ရတာ ဈေးပေါတဲ့ လိုင်းမို့လို့ထင်တာပဲ။
ဖြစ်ချင်တော့ကျမတို့ကလည်း ဒီကနေ ဘန်ကောက်အထိ လက်မှတ်က အေဂျင်စီကနေ ၀ယ်ခဲ့ပေမယ့် ဘန်ကောက်ကနေ ရန်ကုန်ကိုတော့ ဈေးသက်သာလို့ဆိုပြီး ကိုယ့်ဟာကိုယ် အင်တာနက်ကနေ Air Asia နဲ့ ၀ယ်ခဲ့တာ။ ဒုတိယအကြိမ် စီးဖူးခြင်းပေါ့။ (စင်္ကာပူကနေ ဖူးကက်သွားတုန်းက Air Asia နဲ့ ပထမဆုံးအကြိမ် စီးဖူးခဲ့တယ်။) ဗမာပြည်ကနေ ဒီကအေဂျင်စီကို လှမ်းဆက်သွယ်တော့ ထိုင်းအထိ ရောက်အောင်ထွက်ခဲ့ပါတဲ့။ ဟိုရောက်ရင် သူတို့အစားစီစဉ်ပေးတယ်ပေါ့။ ထိုင်းနဲ့ရန်ကုန်ခရီးက ကိုယ့်ဟာကိုယ် စီစဉ်ခဲ့တဲ့ခရီးဆိုတော့ အခုလည်း ကိုယ့်ဟာကိုယ်ပဲ လက်မှတ်ရဖို့ ပြန်ကြိုးစားရတယ်။ ပြန်မယ့်ရက်ထက် နှစ်ရက်လောက်လည်း ကျော်ရော၊ Air Asia ကလည်း ခုထိကို မပျံသေးတော့ ဆက်မစောင့်နိုင်တော့ဘူး။ လက်မှတ်ရဖို့ ကြိုးစားတော့ MAI ရတာနဲ့ ဖြတ်လိုက်တယ်။
အဲဒီအတောအတွင်း လက်မှတ်ကိစ္စတွေ လိုက်လုပ်ချိန် တရက် ကိုသီဟ အင်တာနက်ဆိုင် ၀င်နေတာ ကြာတာနဲ့ မစောင့်နိုင်လို့ အင်တာနက်ဆိုင်ရှေ့ လမ်းဘေးမှာ မြီးရှည်စားလိုက်တယ်။ မုန်ညင်းချဉ် များများနဲ့။ ကျမရဲ့ မကောင်းတဲ့ အကျင့်က ဗိုက်ဆာပြီဆို ချက်ချင်းစားရမှ။ လုံးဝ မစောင့်ဆိုင်းနိုင်ဘူး။ မစားရရင် စိတ်ကအလိုလို တိုလာပြီး ဘေးကလူကို ရန်လုပ်တယ်။ အိမ်မှာလည်း အဲဒီနေ့က နှမ်းဖတ်ချဉ်သုပ်စားမိတော့ အဲဒီညမှာ အထက်လန် အောက်လျှောပေါ့။ တလျှောက်လုံး ကောင်းခဲ့တဲ့ ဗိုက်၊ ပြန်ကာနီးမှ ဖြစ်ရတယ်လို့။ လူကို တော်တော် မြော့သွားတယ်။ ဒါပေမယ့် နှစ်ရက်စောဖြစ်တော့ ပြန်မယ့်နေ့ ဒီဇင်ဘာ ၃ ရက် ကျတော့ ခံသာပါသေးတယ်။ ကျမပြီးတော့ သူ။ သူကတော့ အထက်မလန်ဘူး အောက်ပဲလျှောတာ။ အကြောင်းရင်းတော့ မသိ။ မပြန်ခင် နောက်ဆုံးညမှာဖြစ်တော့ ပြန်မယ့်မနက်မှာ သူကတော့ သာခွေယိုင်ပေါ့။
ဘန်ကောက်ရဲ့ အရှေ့တောင်ဖက်၊ ပတ္တယားမြို့နားမှာ ရှိတဲ့ Utapao လေဆိပ်က စစ်တပ်လေဆိပ်တဲ့။ ဘန်ကောက်က လေဆိပ်အသိမ်းခံ နေရစဉ်ကာလမှာ အပြည်ပြည်ဆိုင်ရာ လေယာဉ်တွေ ဒီမှာ ဆင်းကြတယ်။ လေဆိပ်ကသေးသေးနဲ့ ရှုပ်ယှက်ခတ်နေတာပဲ။ ကွင်းထဲလည်း ရောက်ရော မြို့ထဲသွားဖို့ ကားသွားရှာကြရတာပေါ့။ စိတ်ကူးတာကတော့ အရင်ဆုံး တည်းခိုစရာ နေရာတခုရှာပြီး ပစ္စည်းတွေထား၊ လက်မှတ်ကိစ္စအတွက် ကျမတို့ရဲ့ အေဂျင်စီကို ဖုန်းနဲ့ဆက်သွယ်ရမယ်ပေါ့။ အဆက်အသွယ်ရဖို့က အရေးကြီးတယ်။ ကျန်တာကို အေဂျင်စီက စီစဉ်ပေးတဲ့အတိုင်း လိုက်လုပ်ရမှာပဲ။
ချာတာဘတ်စ် သွားစုံစမ်းတော့ လူပြည့်အောင် နည်းနည်း စောင့်ရမယ်တဲ့။ တက္ကစီတွေ လိုက်မေးမလို့ ကြံနေတုန်း ဆင်းလာတဲ့ လေယာဉ်စီးခရီးသည်တွေကို လိုက်မေးနေတဲ့ အဖွဲ့နဲ့တွေ့လို့ မေးလိုက်တော့ အဆင်ပြေသွားတယ်။ သူတို့က ကျမတို့လို လူတွေကို ဗော်လံတီယာ လိုက်စုပေးနေတာ။ ထိုင်းတွေအပြင် အနောက်တိုင်းသားတွေပါ ပါတယ်။ သူတို့လည်း ထိုင်းကို အလည်ရောက်နေရင်း ဒီလိုဖြစ်တာနဲ့ကြုံလို့ ၀င်ကူညီနေကြတာတဲ့။ ဘာသာစကား အခက်အခဲမရှိအောင်ပေါ့။ ဒီနိုင်ငံက အမျိုးသမီးတယောက်လည်း တွေ့တယ်။ သူလည်း ကူညီရတာ ပျော်နေတယ်။ သူက အစစအရာရာ ရှင်းပြလို့ သူဦးဆောင်ရာနောက်ပဲ လိုက်သွားလိုက်တယ်။ လေဆိပ်အပြင်ဖက်မှာ ထိုင်စောင့်ရမယ်တဲ့။ ခရီးသည်ကောက်လို့ ကုန်ပြီဆိုမှ အားလုံးတည်းရမယ့် ဟိုတယ်ကို လိုက်ပို့မယ်တဲ့။
အရိပ်ထဲထိုင်စောင့်ကြတာပေါ့။ ကွင်းထဲမှာ ယာယီအမိုးတွေ ထိုးပေးထားပါတယ်။ ထိုင်စရာတွေလည်း လုပ်ပေးထားတယ်။ လေယာဉ်အချိန်ဇယားတွေကို သင်ပုန်းပေါ်မှာ လက်နဲ့ရေးနေကြတာ တွေ့တယ်။ ခုနက အုပ်စုထဲက ဧည့်သည်ကြိုပေးတဲ့ ကောင်လေးတွေက အုန်းသီးနုနုနဲ့ အုန်းရည်တွေ လာပေးတယ်။ လိမ္မော်သီးလည်း စားရတယ်။ အထုပ်တွေ တယောက်တလှည့်စောင့်ရင်း လျှောက်သွားကြည့်ကြတာ အလှူလုပ်သလို ထမင်းဟင်းတွေ အကြီးအကျယ် ချက်နေတဲ့ အဖွဲ့တွေ သုံးလေးဖွဲ့တောင်မှ တွေ့ရတယ်။ အဲဒီကနေ ထမင်းနှစ်ထုပ် အလကားရလာတော့ ဆာဆာနဲ့ စားလို့ကောင်းမှကောင်း။ သူကတော့ ဗိုက်မကောင်းလို့ သိပ်မစားနိုင်ရှာဘူး။ လေယာဉ်ကွင်းအပြင်မှာ ထိုင်စောင့်နေတုန်း ဒီကို ဖုန်းဆက်တာ ဒီက လက်မှတ်ဝယ်ပေးတဲ့လူနဲ့ ချက်ချင်း ဖုန်းရလိုက်လို့ အဆင်ပြေသွားပြန်တယ်။ ဖုန်းဆက်ဖို့နေရာလည်း ကွင်းထဲမှာပဲ လုပ်ပေးထားတယ်။ နိုင်ငံတကာကို ခေါ်ဖို့ပေါ့။ ပိုက်ဆံလည်း ပေးစရာမလိုဘူး။ ကျမတို့ရဲ့ အေးဂျင့်က နောက်တနေ့လေယာဉ်နဲ့ လိုက်လို့ရအောင် သူလုပ်ပေးမယ်လို့ ပြောတယ်။ အရင်နေ့တွေက သူက ဗမာပြည် ကျမတို့ဆီကိုလည်း ဆက်ထားတော့ သိတယ်လေ ကျမတို့ ဒီနေ့ထွက်လာတယ် ဆိုတာ။ ဒီရောက်တော့ ပိုသေချာအောင် ရောက်ပြီဖြစ်ကြောင်း ဆက်လိုက်တာ။
ထိုင်စောင့်နေတဲ့ ခရီးသည်တွေ မပျင်းရလေအောင် တာဝန်ရှိသူများက အဆိုအကတွေနဲ့ ဖျော်ဖြေပေးကြသေးတယ်။ ကြည့်ရတာကတော့ ဆန္ဒပြသူတွေ လေဆိပ်ကိုသိမ်းတာကို ပြည်သူတွေက ၀မ်းမြောက်ဝမ်းသာ အောင်ပွဲခံနေသလို ပါပဲ။ ပျော်နေကြပုံရတယ်။ လေယာဉ်ကွင်း အပြင်ဖက် တလင်းပြင်မှာ အိုစည်ဗုံမောင်းတွေနဲ့ ကပြဖျော်ဖြေနေကြတယ်လေ။ ရုပ်သေးရောပါတယ်။ ကနေတာ ရာမဇာတ်လို့ ထင်တာပဲ။ ဒဿဂီရိကို တွေ့လို့။

ဒီတနေ့အတွက် ခရီးသည်တွေ ကုန်လောက်မှ ဘတ်စ်ကားကြီးနဲ့ တည်းရမယ့် ဟိုတယ်ကို လာခဲ့ကြတယ်။ ဟိုတယ်က အကြီးကြီး။ ပင်လယ်ကမ်းစပ်မှာ ဆောက်ထားတာ။ အဲဒီနေ့ ဘယ်မှ မထွက်ဖြစ်တော့ဘူး။ ပင်လယ်ကမ်းခြေဖက်ပဲ လမ်းလျှောက်ရင်း ဓါတ်ပုံရိုက်ဖြစ်တယ်။ နောက်နေ့ မနက်အစောကြီး လေးနာရီခွဲ ဟိုတယ်က ဟောလ်ခန်းမမှာ လေယာဉ်လက်မှတ် သွားတန်းစီရမယ်တဲ့လေ။ ကိုယ့်အေးဂျင့်က ဘယ်လောက်အာမခံပြောပြော မနက်ဖြန် စာရင်းထဲမှာ ကျမတို့ နာမည်မပါရင် နေခဲ့ရမှာ။ နောက်နေ့ ဆက်မျှော်ရမှာဆိုတော့ အဲဒီညက ကောင်းကောင်းတောင် အိပ်မပျော်ဘူး။
နောက်တနေ့မနက် လေးနာရီဆိုရင်ကိုပဲ ဟောလ်ခန်းမ အပြင်ဖက်မှာ လူတွေက ရောက်နေပြီ။ လေးနာရီလည်း ခွဲရော အခန်းတံခါးဖွင့်တာနဲ့ စာရင်းအရင်ကြည့်ဖို့ တန်းစီရတယ်။ စာရင်းထဲမှာ ကျမတို့ နာမည်တွေ့မှပဲ စိတ်သက်သာရာ ရတော့တယ်။ မပြီးသေးဘူး။ တဖက်မှာတခါ ပြန်တန်းစီရပြန်တယ်။ လေယာဉ်လက်မှတ် ယူဖို့။

လက်မှတ်ရပြီးမှပဲ မနက်စာဘူးဖေး သွားစားကြရတယ်။ ပြီးတော့ ဟိုတယ်ခ ချေဖို့သွားတော့ ကောင်တာကမေးတယ်။ အေဂျင်စီက ချေမှာမဟုတ်လားတဲ့။ တကယ်လို့သာ လက်မှတ်ကို အစအဆုံး အေဂျင်စီက ၀ယ်ခဲ့မိရင် ကိုယ်လေယာဉ်လက်မှတ် မရမချင်း တည်းခိုစရိတ်ကို အေဂျင်စီက ခံရမှာ။ အခုကတော့ ဘန်ကောက်..ရန်ကုန်ကို ကိုယ့်ဟာကိုယ် ၀ယ်ခဲ့မိတာမို့ အေဂျင်စီက ဘာပြောမယ်မှန်းမသိ၊ သူမပေးနိုင်ဘူးဆိုခဲ့ရင် စကားပြန်ပြော ငြင်းနေရမှာရယ်၊ တရက်ထဲလည်းပဲ ဖြစ်နေတာရယ်၊ အေဂျင်စီက လူကလည်း ဗမာပြည်အထိ ဖုန်းခဏခဏဆက်ပြီး အဆက်အသွယ် လုပ်ပေးတာရယ်ကြောင့် ကိုယ့်ဖာသာပဲ ပေးလိုက်ပါတယ်။ အဲဒီနေ့က ဟိုတယ်က ဘတ်စ်ကား ၇စင်း ထင်တယ် လေဆိပ်ဆင်းတာ။

အပြန် လေဆိပ်ခန်းမထဲ ၀င်တော့မယ်......လေဆိပ်ထဲမှာလည်း တော်တော်ကို ရှုပ်ယှက်ခတ်နေပါတယ်။ အကြာကြီးစောင့်ရတယ်။ အခန်းကျဉ်းကျဉ်း လူကအပြည့်မို့ လမ်းလျှောက်စရာ နေရာတောင် မရှိဘူး။ မနက်စာကို အစောကြီးကတည်းက စားလာပြီး နေ့လည်စာအချိန်အထိ လေယာဉ်က မထွက်သေးတော့ အူကလိမ်နေပြီ။ ပြီးတော့ ကျမက နည်းနည်းနဲ့ ခဏခဏ စားတတ်တာ။ ဒီထဲမှာ စားစရာလည်း ဘာမှမရှိဘူး။ တချို့ကတော့ မနေ့ကလို အလကားဝေတဲ့ ထမင်းထုပ်လေးတွေ ကိုင်လို့။ ကိုယ်က ပြန်ထွက်ယူလို့လည်း ရမှမရတော့တာ။ လေယာဉ်ဆီသွားမယ်ဆိုတော့ ကားပေါ်တက်ပြီးမှ တခါ ပြန်ဆင်းကြရပြန်တယ်။ ဘာဖြစ်လို့မှန်း မသိပါဘူး။ ဒါနဲ့ လေယာဉ်ကွင်းထဲမှာ တခါရပ်စောင့်ရပြန်ပါရော။ မနက် လေးနာရီ ကတည်းက ထလိုက်တာ နေ့လည် ၂နာရီကျော်လောက်မှ ထင်တယ် လေယာဉ်ပေါ် တက်ရပါတော့တယ်။
ဒီရောက်တော့လည်း လေယာဉ်နောက်တခါ ပြောင်းစီးရပြန်ပါတယ်။ ကိုယ်နဂိုမူလ ၀ယ်ထားတဲ့ လေဆိပ်ကိုပေါ့။ (အခုဆိုက်တဲ့ လေဆိပ်က အိမ်ပြန်ဖို့ဆို ဝေးတယ်လေ။) အိတ်တွေကို အားလုံးပြန်ထုတ်ပြီး လေယာဉ်ပြန်ပြောင်းရတာ။ သက်ဆိုင်ရာကတော့ စောင့်ပြီး သွားရမယ့်နေရာ မြန်အောင် လမ်းညွှန်ပေးပါတယ်။ ကိုယ်စီးနေကျ လေဆိပ်ရောက်တော့ အထုပ်တွေ ပြန်ထုတ်၊ အိပ်ငိုက်ငိုက်နဲ့ ငှားထားတဲ့ကားကို ယူပြီး အိမ်ပြန်မောင်းခဲ့တယ်။ လေယာဉ်ပေါ်မှာ မအိပ်တတ်ဘူး။ အဲဒီအရှေ့ညကလည်း ကောင်းကောင်းအိပ်မပျော်ဘူးလေ။ ဒါကြောင့် နှစ်ယောက်စလုံး အရမ်း အိပ်ငိုက်နေပြီ။ လမ်းမှာ သူအိပ်ပျော်သွားမှာ စိုးလို့ စကားကျယ်ကျယ်ပြောပြီး သူ့ကို ခဏခဏ လှမ်းလှမ်းရိုက်ရပါတယ်။ မရတော့ရင် တနေရာမှာ ထိုးရပ်ပြီး မျက်စေ့ကျယ်အောင် လုပ်ရတယ်။ ခရီးထွက်ရင် အထုပ်တွေနဲ့ ရှုပ်လို့ ရထားစီးလေ့ သိပ်မရှိဘူး။ စီးကြည့်ဖူးတယ်။ အဆင်မပြေဘူး။ ဆောင်းတွင်းဆိုတော့ နှင်းကျရင် ပိုဆိုး။
မနှစ်က အိမ်ပြန်ခရီး အမှတ်တရပါ။ ဒီရောက်တော့ လက်မှတ်ခငွေ အဲအေးရှားက ပြန်ရပါတယ်။ နောက်တခါတော့ Air Asia ကို လန့်သွားပြီ။ နောက်ပြီး ဒီလိုခရီးရှည် ဆိုရင် ခွဲမ၀ယ်ပဲ အေးဂျင့်တခုတည်းဆီကပဲ တူတူတတွဲတည်း ၀ယ်တော့မယ်။ ဒါမှ တခုခုဖြစ်ရင် သူတို့က အကုန်တာဝန်ယူ လုပ်ပေးတာ။ ဈေးတော့ နည်းနည်းပိုပေးရတာပေါ့။ ဘယ်တတ်နိုင်မလဲ။ Air Asia က တခြားလိုင်းတွေနဲ့ ယှဉ်ရင် သိပ်အခွင့်အရေးမရဘူးလို့ ထင်တယ်။ တခြားလိုင်းတွေ Utapao ကို ဆင်းနေတဲ့ အချိန်မှာ သူက ဆင်းခွင့်မရဘူး။
နှစ်တိုင်း ဒီလိုအဖြစ်မျိုး ကြုံချင်မှတော့ ကြုံမှာပါ။ ဒါပေမယ့် ကြုံခဲ့သည်ရှိသော်......ဒါကြောင့် လက်မှတ်ကို ခွဲမ၀ယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Read More...

Saturday, November 28, 2009

Vanillkipferl

ဒီကွတ်ကီးလေးကတော့ Hazelnut အသီးဆံနဲ့ လုပ်ထားတာပါ။ ခရစ်စမတ်ကွတ်ကီးလုပ်ရင် အမြဲထည့်လုပ်လေ့ ရှိကြတယ်။ သူလည်း လုပ်ရတာလွယ်တယ်။ Hazelnut ကို ဗမာလို ဘယ်လိုခေါ်သလဲ မသိဘူး။ ကြည့်ရတာကတော့ ကြိမ်သီးနဲ့တူတယ်။ သူ့ကို အမှုန့်ကြိတ်ပြီးသား ၀ယ်လို့ရသလို ကိုယ့်ဟာကိုယ် ကြိတ်လို့လည်း ရပါတယ်။ ကိုယ့်ဟာကိုယ် ကြိတ်တော့ ဈေးသက်သာတာပေါ့။ အခု Vanillkipferl အတွက်က အမှုန့်နဲ့ လုပ်ရမှာ။
ပါဝင်တဲ့ပစ္စည်းတွေကတော့.....
Hazelnut ၇၅ ဂရမ်၊
ဂျုံမှုန့် ၁၅၀ ဂရမ်၊
Powdered sugar(icing sugar) ၅၀ ဂရမ်၊
ထောပတ် ၁၂၅ ဂရမ်၊

အပေါ်က ဖြူးဖို့အမှုန့်လုပ်ရန်......
သကြား ထမင်းစားဇွန်း တဇွန်း၊
ဗနီလာသကြား အထုပ်သေးလေး ၂ ထုပ် (တထုပ်ကို ၈ ဂရမ် ရှိတယ်)။

လုပ်ရမှာက.........
Hazelnut ကို အမှုန့်ကြိတ်ပါ။ ဂျုံနဲ့ Powdered sugar ကို ဇကာလေးနဲ့ စစ်ချပါ။ အဲဒီထဲကို ထောပတ်နဲ့ Hazelnut အမှုန့်ကြိတ်ထားတာကို ထည့်ပြီးနယ်ပါ။
ပြီးရင် မုန့်နည်းနည်းစီယူ၊ လက်ဖ၀ါးပေါ်တင်ပြီး လှိမ့်ပါ။ အစွန်းနှစ်ဖက်ကို ကွေးကွေးလေးလုပ်လိုက်ပါ။ အခု ၃၀ လောက်တော့ ရလိမ့်မယ်။ Oven ကို အပေါ်မီး၊ အောက်မီး ၂၀၀ စင်တီဂရိတ်လောက်ထားပြီး ၁၀ မိနစ်ကြိုတင် အပူပေးထားပါ။ ရရင် မုန့်ဖုတ်စက္ကူ ခံခင်းထားတဲ့ မုန့်ဗန်းကို oven အလယ်ဆင့်လောက်မှာ ထားပြီး ၁၀....၁၂ မိနစ်လောက်ဖုတ်ပါ။ အရောင်တအားမရင့်စေနဲ့နော်။ ကျမလုပ်တာ နည်းနည်း အရောင်ရင့်သွားတယ်။ ရရင် အအေးခံထားပါ။
ပြီးရင် အပေါ်ကဖြူးဖို့ အမှုန့်အတွက်က သကြားနဲ့ ဗနီလာသကြားကို ရောနယ်လိုက်ရုံပါပဲ။ အဲဒါကို မုန့်တွေပေါ်ကို ဖြူးလိုက်ပေါ့။ ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းပါတယ်။

Read More...

Cantuccini

ခရစ်စမတ်ကွတ်ကီးလေးတွေ တနှစ်မှ မလုပ်ဖူးသေးဘူး။ သူငယ်ချင်းတွေ လုပ်တာတော့ စားရပါတယ်။ ဒီနှစ်တော့ အကုန်မဟုတ်တောင် နည်းနည်းပါးပါး စမ်းကြည့်မယ် စိတ်ကူးထားခဲ့တာ။ (မရှင်လေး ဘလော့ဂ်မှာ သူလုပ်ထားတာတွေ့တော့ ပိုစမ်းကြည့်ချင်စိတ် ပေါက်တယ်။) အစုံကို တပြိုင်တည်း လုပ်ဖို့ကလည်း နည်းနည်းပျင်းနေတော့ ပထမဆုံးအနေနဲ့ လုပ်ရတာ လွယ်မယ်လို့ထင်ရတဲ့ Cantuccini ဆိုတာလေးကို စမ်းကြည့်လိုက်တယ်။ ဗာဒံစေ့လေးတွေပါပြီး အဆာပလာက သိပ်ထွေထွေထူးထူး ၀ယ်စရာမလိုပါဘူး။ အရသာက ကိတ်ခြောက်နဲ့တူတယ်။ စမ်းကြည့်ချင်တယ်ဆိုရင်.......

လိုအပ်တာတွေက....ထောပတ် ၁၀၀ ဂရမ်၊
သကြား ၁၀၀ ဂရမ်၊
ဆားနည်းနည်း၊
ဗနီလာသကြား အထုပ်သေးလေး တထုပ်(၈ ဂရမ်)၊
ကြက်ဥ ၂ လုံး၊
ဂျုံမှုန့် ၂၅၀ ဂရမ်၊
Backing Powder လက်ဖက်ရည်ဇွန်းနဲ့ တဇွန်း၊
ဗာဒံစေ့ ၁၅၀ ဂရမ်။
လုပ်ရမှာက........
ထောပတ်၊ သကြား၊ ဗနီလာသကြား နဲ့ ဆားကို ခရင်မ်လိုဖြစ်အောင် သမပါ။ ကြက်ဥထည့်ပြီး နယ်ပါ။ ဂျုံနဲ့ Backing Powder ကိုထည့်ပြီး ထပ်နယ်ပါ။ နောက်ဆုံးမှာ ဗာဒံစေ့ကို ရောမွှေပါ။ ရလာတဲ့ ဂျုံလုံးကို လက်မကပ်အောင် ဂျုံမှုန့်နည်းနည်းသုံးပြီး ၃.....၄....စင်တီမီတာလောက်ထူတဲ့ မုန့်သားရှည်ရှည် နှစ်ခုရအောင် လုပ်ပါ။ သူတို့ကို မုန့်ဖုတ်စက္ကူ ခင်းထားတဲ့ မုန့်ဗန်းပေါ်တင်ပါ။ ပြီးတော့ ခပ်ပြားပြားလေးဖြစ်အောင် လက်နဲ့နည်းနည်း ဖိပေးပါ။ (Oven ကိုတော့ ၁၇၅ ဒီဂရီစင်တီဂရိတ်လောက်မှာ ထားပြီး ၁၀မိနစ်လောက် ကြိုတင်အပူပေးထားရမယ်နော်။) မုန့်ဗန်းကို oven အလယ်ဆင့်လောက်မှာ ထားပြီး မိနစ် ၂၀ လောက်ဖုတ်ပေးပါ။ မိနစ် ၂၀ ပြည့်တဲ့အခါ မုန့်ကို ၃ မိနစ်လောက်အအေးခံပြီး ၂ စင်တီမီတာ အထူရှိတဲ့ အချပ်ကလေးတွေရအောင် ဓါးနဲ့လှီးပေးပါ။ ပြီးတော့ ဒီတိုင်းပုံမပျက် oven ထဲ ပြန်ထည့်ပြီး ၁၂ ကနေ ၁၅ မိနစ်လောက်အထိ ဆက်ဖုတ်ပေးပါ။ အရောင်ညိုညိုလေး ဖြစ်လာရင် ရပြီပေါ့။ ရေးထားတာကတော့ အခု ၄၀ လောက်ရမယ်တဲ့။ ကျမ လှီးတာထူသွားလို့ အချပ်နည်းသွားတယ်။ ပါးပါးလေးရအောင်လှီးတာ ကြေကုန်လို့ ရသလိုပဲ လှီးလိုက်တယ်။ အထဲက ကျက်တော့ကျက်ပါတယ်။ ပါးရင်တော့ ပိုစားကောင်းမှာ အမှန်ပဲ။


Read More...

Wednesday, November 25, 2009

Schloss Neuschwanstein နှင့် the fairy tale king

Schloss Neuschwanstein ကို ငွေငန်းဖြူကျောက်သားရဲတိုက် လို့ ခေါ်ရင် ရမလားမသိဘူး။ Schwan ဆိုတာက ငန်း၊ Stein က ကျောက်တုံး ဆိုတော့လေ။ Neu ဆိုတာကတော့ အသစ် new လို့ပြောတာ။ Schloss ကတော့ ရဲတိုက်။ တကယ်လည်း ငန်းဖြူကြီးတကောင်လို လှလှပပ ကြော့ကြော့မော့မော့ ရှိလှတယ်။ တည်ဆောက်ထားတဲ့နေရာကလည်း တောင်တွေပတ်လည် ကာရံထားတဲ့ တောင်ထွဋ်တခုပေါ်မှာ ရှိတဲ့ကွက်လပ်ကို အပြည့်ဆောက်ထားတာ။ ရဲတိုက်တခုလုံး ပေါ်တဲ့ဓါတ်ပုံရဖို့ တခြားတဖက်က တောင်ကြောကို တက်ပြီးရိုက်ခဲ့ရတယ်။ အမေရိကားက Disneyland Park နဲ့ Hong Kong Disneyland တို့မှာရှိတဲ့ Sleeping Beauty Castle ဆိုတဲ့ စိတ်ကူးယဉ်ဒဏ္ဍာရီ ရဲတိုက်ပုံစံဟာ ဒီ Neuschwanstein ကို အခြေခံပြီး ဆောက်ထားတာတဲ့။ အဲလောက်လှပလွန်းလို့လည်း ရုပ်ရှင်တွေထဲမှာလည်း မကြာခဏ ပါလေ့ရှိတယ်။ ဂျာမဏီကို လာလည်ရင်တော့ တခြားဘယ်မှ မရောက်ရင်နေ ဒီကိုတော့ ရောက်မှဖြစ်မယ်လို့ ပြောရလောက်အောင် ခရီးသွားဧည့်သည်တွေကို အဆွဲဆောင်ဆုံး နေရာတခုပါ။ ဒီရဲတိုက်ကို တနှစ်တနှစ် လာလည်သူပေါင်း ၁.၃သန်းလောက်ရှိပြီး နွေရာသီ ဇူလိုင်နဲ့ သြဂုတ်လတွေမှာဆိုရင် တနေ့တည်းနဲ့ ဧည့်သည်ပေါင်း တသောင်းကျော် ရှိတတ်ပါတယ်တဲ့။ ဒီမှာ ဘုရင်စံမြန်းစဉ် ကာလတုန်းက ဧည့်သည်တွေကို လာရောက်ကြည့်ရှုခွင့်မပေးခဲ့ပေမယ့် သူနတ်ရွာစံပြီးတဲ့ အချိန် ၁၈၈၆ ခုနှစ်ကစလို့ အများပြည်သူအတွက် ဖွင့်ပေးခဲ့ရာမှာ ယနေ့အထိ လာရောက်လည်ပတ် ခဲ့သူ စုစုပေါင်း သန်း ၅၀ ရှိပါပြီ။

ဆောင်းတွင်း နှင်းဖုံးနေတဲ့ပုံ....ဒီရဲတိုက်ကြီးဟာ ဒဏ္ဍာရီပုံပြင်တွေထဲက ရဲတိုက်တွေလို လှပသလို ဆောက်ခဲ့တဲ့ဘုရင်ကိုလည်း သူ့ဘ၀ဇာတ်ကြောင်းအရ ဂျာမဏီသမိုင်းမှာ ဒဏ္ဍာရီဆန်သောဘုရင်ရယ်လို့ ခေါ်ဆိုကြပါတယ်။ သူက Bavaria ပြည်ရဲ့ ဒုတိယမြောက် လူးဝစ်ဘုရင် Otto Friedrich Wilhelm Ludwig (၁၈၄၅ – ၁၈၈၆) ပါ။ ဖခမည်းတော် နတ်ရွာစံတဲ့နေ့ (၁၈၆၄) မှာ ချက်ချင်း ဘုရင်ဖြစ်လာတော့ သူ့အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ အရပ် ၁.၉၃ မီတာမြင့်တဲ့ ဘုရင်ငယ်ငယ် ချောချောလေးပါ။ ဘုရင်ဖြစ်လျှင်ဖြစ်ခြင်းပဲ ယဉ်ကျေးမှုအနုပညာရပ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့တယ်။ အထူးသဖြင့်တော့ သူက ဂီတစာဆို Richard Wagner ရဲ့ အော်ပရာပြဇာတ်တွေကို ကြိုက်တယ်။ သူ ၁၆နှစ်သားမှာ Wagner ရဲ့ အော်ပရာတွေကို စပြီးကြည့်ခွင့်ရကတည်းက Wagner ရဲ့ ပြဇာတ်နဲ့ ဒဏ္ဍာရီပုံပြင်တွေဟာ သူ့ကို တော်တော် ဖမ်းစားခဲ့တယ်။ အဲဒီကတည်းက သူဟာ လက်တွေ့မကျတဲ့ ဒဏ္ဍာရီပုံပြင်ကမ္ဘာမှာ အရမ်းကို ပျော်မွေ့ခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

Wagner ပြဇာတ်တွေကို အစွဲကြီး စွဲခဲ့တာကြောင့် ၁၈၆၄ မှာ သူဘုရင်လည်းစဖြစ်ရော Wagner နဲ့ ကိုယ်တိုင်ကိုယ်ကျတွေ့ ၊ Wagner အော်ပရာဇာတ်ရုံဆောက်နိုင်ဖို့၊ ပြဇာတ်တွေရေးနိုင်ဖို့ ငွေအမြောက်အများသာမက မြူးနစ်မှာနေဖို့ အိမ်ပါ ပံ့ပိုးပေးခဲ့တယ်။ ပြောရရင်တော့ Richard Wagner ဟာ လူးဝစ်အတွက် သူငယ်ချင်းမိတ်ဆွေ ဆိုလည်းဟုတ်၊ အဖေအရွယ်မို့ ဖခင်အစားရသလိုလည်းဖြစ်လို့ သူ့အပေါ် Wagner ဟာ တော်တော် လွှမ်းမိုးခဲ့ပါတယ်။ ဘုရင်ဖြစ်ဖြစ်ချင်း ၁၈၆၄ ကနေ ၁၈၆၅ ထိ တနှစ်တည်းအတွင်းမှာကိုပဲ Wagner အတွက် ငွေတွေသောက်သောက်လဲ သုံးစွဲခဲ့တာကြောင့်ရော၊ ဘုရင်ရဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ မှာပါ Wagner ရဲ့ အယူအဆတွေက လွှမ်းမိုးခဲ့တာကြောင့်ရော တိုင်းသူပြည်သားတွေ၊ သူ့အစိုးရအဖွဲ့နဲ့ သူ့ဆွေတော်မျိုးတော်တွေ ကိုယ်တိုင်ကပါ မကြည်ဖြစ်လာတာကြောင့် Wagner ဟာ မြူးနစ်ကနေ ဆွစ်ဇာလန်ကို ရှောင်တိမ်းခဲ့ရတယ်။
ဒီလိုနဲ့ ၁၈၆၆ မှာ ဘာဗားရီးယားနဲ့ သြစတီးယားကတဖက်၊ Preussen ကတဖက် စစ်ဖြစ်ကြတော့ ဒဏ္ဍာရီပြဇာတ်ကမ္ဘာမှာသာ ပျော်မွေ့ခဲ့ပြီး စစ်ရေးအကြောင်း ဘာမှနားမလည်တဲ့ လူးဝစ်ဟာ စစ်ရေးစစ်ရာကို သူ့ရဲ့ဝန်ကြီးတွေနဲ့ လွှဲထားပြီး သူကတော့ ခေတ္တရှောင်တိမ်းနေတဲ့ Wagner ကို တွေ့ဖို့ ဆွစ်ဇာလန်ကို သွားခဲ့ပါတယ်။ Preussen တွေ စစ်နိုင်လို့ ဘာဗားရီးယားက နယ်မြေအချို့နဲ့ အဲဒီခေတ်အခါက ငွေကြေး သန်း ၃၀ ကို စစ်လျော်ကြေးအဖြစ် ပေးအပ်ခဲ့ရတယ်။ ဘုရင်အနေနဲ့ သူလုပ်ခဲ့တာဆိုလို့ တလအကြာ တိုင်းပြည်ထဲက တောရွာတွေမှာ စနည်းနာခရီး ထွက်ခဲ့တာပဲ ရှိတယ်။ ကျန်တဲ့ တချိန်လုံးကတော့ သူဆောက်ခဲ့တဲ့ ရဲတိုက်တွေမှာသာ စံမြန်းပျော်မွေ့ခဲ့ပါတယ်။

Wagner ရဲ့ ပြဇာတ်တွေကို အခြားပွဲကြည့်ပရိသတ်မပါ သူ့တယောက်တည်းအတွက် အစအဆုံး ကပြဖျော်ဖြေစေတယ်။ ယနေ့ နာမည်ကြီး Richard-Wagner-Festspielhaus ဆိုတဲ့ ပြဇာတ်ရုံကိုဆောက်ဖို့လည်း ငွေကြေးအကုန်အကျခံခဲ့တယ်။ အဲလိုအော်ပရာတွေကို ကြိုက်တဲ့အပြင် သူ့ရဲ့အခြားဝါသနာတခုက ရဲတိုက်များ တခုပြီးတခု ဆောက်လုပ်ခြင်းပါ။ သူ့ရဲ့ ၀ါသနာကြောင့် သူသုံးစွဲခွင့်ရတဲ့ ငွေအပြင် အကြွေးအမြောက်အများ တင်ခဲ့ရတယ်။ ဒီ Neuschwansteinကတော့ သူ့ရဲ့နောက်ဆုံးရဲတိုက်ပေါ့။ ဒီရဲတိုက်ကို ဒဏ္ဍာရီဆန်ဆန် လှလှပပဖြစ်စေဖို့ နေရာစိတ်ကြိုက်ရွေးပြီး ဆောက်စေခဲ့တယ်။ ဒီထဲကို ဘယ်သူ့မှ ပေးမလာဖို့ စိတ်ကူးခဲ့တယ်။ လူထုနဲ့ တဖြည်းဖြည်း ကင်းကွာသည်ထက် ကင်းကွာလာခဲ့တယ်။ အရက်အလွန်အကျွံသောက်လို့ ယခင်ချောမောလှပခဲ့တဲ့ မျက်နှာဟာ သူ့ရဲ့နောက်ဆုံးနှစ်တွေမှာ ဖောရောင်နေပါပြီ။ နောက်ဆုံးတော့ အစိုးရက သူ့ကို ကုသ၍မရနိုင်တော့တဲ့ စိတ်ရောဂါ စွဲကပ်နေသူဆိုပြီး ဆရာဝန်လေးဦးရဲ့ ဆေးစစ်ထောက်ခံချက်ရယူကာ နန်းချလိုက်ပါတော့တယ်။ (ဆရာဝန်တွေကို တကယ်မစစ်ခိုင်းပဲ လက်မှတ်ပဲရယူတာပါ။) ၁၈၈၆ ဇွန်လ ၁၁ ရက် ညသန်းခေါင်မှာ လူးဝစ်ဘုရင်ကို သူနေထိုင်ရာ ဒီ Neuschwanstein ရဲတိုက်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး Schloss Berg ဆိုတဲ့ ရဲတိုက်ကို ပို့လိုက်ပါတယ်။ သူ့ကို လာဖမ်းသွားတဲ့ အဖွဲ့မှာ ဆရာဝန်လေးဦးထဲက တဦးဖြစ်တဲ့ ပရော်ဖက်ဆာ Bernhard von Gudden လည်းပါတယ်။ ဇွန်လ ၁၃ ရက်၊ ညနေ ၆နာရီခွဲလောက်မှာ သူတို့နှစ်ယောက်သား Schloss Berg ရဲတိုက်ပန်းခြံထဲ လမ်းလျှောက်ထွက်သွားကြရာမှာ ပြန်ရောက်မလာတော့ပဲ အဲဒီနားက Starnberger See ရေကန်က ရေတိမ်တိမ်မှာ နှစ်ယောက်လုံး သေနေတာကို တွေ့ကြရတယ်။

အစိုးရက ထုတ်ပြန်တာကတော့ လူးဝစ်က ကိုယ့်ကိုယ်ကို သေကြောင်းကြံတာကို Gudden ကတားရင်းနဲ့ သူပါရောသေသွားရတာတဲ့။ လူတွေကတော့ မယုံကြပါဘူး။ အစိုးရသတ်လိုက်တယ်လို့ ထင်ကြေးပေးကြပါတယ်။ အမှန်ကိုတော့ ဘယ်သူမှ ယနေ့ထိ မသိကြပါဘူး။ သူ့မှာ လက်ထပ်မယ့်ချစ်သူ ရှိခဲ့ပေမယ့် မင်္ဂလာပွဲအတွက် ငွေသန်းနဲ့ချီအကုန်ခံ စီစဉ်ပြီးတာတောင်မှ သူ့ဖက်က အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပါတယ်။ လက်မထပ်ဖြစ်ခဲ့ပါဘူး။ ဒါကြောင့်လည်း လူးဝစ်ဘုရင်ဟာ ဆန့်ကျင်ဘက် လိင်အပေါ်မှာ စိတ်ဝင်စားမှု နည်းပါးတယ်လို့ ထင်ကြေးပေးကြပါတယ်။ ပြောရရင်တော့ သူနဲ့ ပတ်သက်သမျှဟာ ပဟေဠိတွေချည်းပါပဲ။ ဒါကြောင့်လည်း ဒဏ္ဍာရီဆန်သောဘုရင် ရယ်လို့ ဆိုကြတာ နေမှာပေါ့လေ။ သူသေသွားချိန်မှာ Neuschwanstein ဆောက်တာ ၁၇ နှစ်ကြာခဲ့ပေမယ့် သူဆောက်လိုခဲ့တဲ့ အတွင်းအခန်းအားလုံး အပြီးမသပ်ရသေးပါဘူး။ စဆောက်တဲ့ ၁၈၆၉ ခုနှစ်ကနေ သူသေဆုံးချိန် ၁၈၈၆ အထိ သူဒီမှာနေသွားရတာ ၁၇၂ ရက်ပဲ ရှိခဲ့ပါတယ်။ ဒီရဲတိုက်ဟာ သူဆောက်ခဲ့တဲ့ ရဲတိုက်တွေထဲမှာ အကျော်ကြားဆုံးပါ။ ဒီက ဗိသုကာပညာနဲ့ အတွင်းခန်းအပြင်အဆင်တွေဟာ ၁၉ ရာစုမှာတော့ ထိပ်ဆုံးကပါပဲတဲ့။

တောင်ခြေစခန်းကနေ တောင်ပေါ်တ၀က်က ရဲတိုက်ကို လှမ်းမြင်နေရတယ်.....ဒီ Neuschwanstein ကို လူးဝစ်က သူ့တယောက်တည်းအတွက် ဆောက်ခဲ့ပေမယ့် သူသေဆုံးပြီး ၆ ပတ်အကြာမှာပဲ အများပြည်သူအတွက် ဖွင့်ပေးခဲ့ပါတယ်။ လူးဝစ်သာသိရင်တော့ ဘယ်လိုနေမယ် မသိ။ ကျမအတွက်တော့ ဒီရဲတိုက်ကိုမြင်တိုင်း သူ့အကြောင်းကို တွေးမိတယ်။ ငွေငန်းဖြူရဲတိုက်ထက် တည်ဆောက်ခဲ့သူ ဘုရင်အကြောင်းကို ပိုစိတ်ဝင်စားတယ်။ သူ့မှာ နောက်ထပ်ရဲတိုက်တွေ ထပ်ဆောက်ဖို့ စီစဉ်ထားခဲ့တာတွေ ကျန်နေသေးတယ်တဲ့။ သူသေသွားလို့သာ ဒီရဲတိုက်က နောက်ဆုံးဖြစ်သွားတာ။

ဒီပုံက မတ်လမို့လို့ ရာသီဥတု သိပ်မကောင်းသေးဘူး။ ကျန်တဲ့ပုံတွေက ဇွန်လ။ အပြင်ပတ်လမ်းကနေ လျှောက်တက်ရတာ။ ဘတ်စ်နဲ့တက်လည်း ရတယ်...
ရဲတိုက်ရင်ပြင်ဝင်ပေါက်ကနေ အထဲကို ၀င်လာကြတဲ့ ဧည့်သည်တွေ.....
အထဲကို အလှည့်ကျ ၀င်ဖို့စောင့်နေတဲ့ ဧည့်သည်များ.....

ရဲတိုက်အတွင်းကနေ အပြင်ဖက်ကို လှမ်းရိုက်ထားတာ.....Neuschwanstein ရဲတိုက် တည်ရှိတဲ့နေရာကတော့ ဂျာမဏီနိုင်ငံ၊ ဘာဗားရီးယားပြည်နယ် အနောက်တောင်ဖက်မှာရှိတဲ့ Fuessen ဆိုတဲ့ မြို့မှာပါ။ သြစတီးယားနိုင်ငံ နယ်နမိတ်နဲ့ဆိုရင် ၅ ကီလိုမီတာ (၃ မိုင်) ပဲ ဝေးပါတော့တယ်။ ဒီမြို့ဟာ Lech မြစ်ကမ်းနံဖူးမှာ တည်ရှိပြီး Lech ဟာ Forggensee ရေကန်ထဲကို စီးဝင်ပါတယ်။ ဒါက ရဲတိုက်တည်ရှိရာ တောင်ပေါ်ကနေ Forggensee ရေကန်ကို ရိုက်ထားတာ.....

ဒါက လူးဝစ်ဘုရင် မွေးဖွားကြီးပြင်းခဲ့ရာ ရဲတိုက် Schloss Hohenschwangau...။ Neuschwanstein နဲ့ မနီးမဝေးမှာပဲ ရှိတာ။ ပြန်လည်မွမ်းမံနေတယ်.....ပုံ ၂ ၊ ၃ ၊ ၄ နဲ့ ၅ က ရောင်းတဲ့ပိုစတာတွေကို အနီးကပ်ရိုက်ထားတာ။ ကျန်တဲ့ပုံတွေကတော့ ကိုယ်ပိုင်ပုံတွေပါ။

Read More...