Monday, November 9, 2009

ဖုန်းဆက်မယ်ဆို သတိထား

မနက် အိပ်ရာထ ကတည်းက မိုးရွာနေတယ်။ နှင်းကျမယ်လို့ မနေ့ညကတည်းက မိုးလေ၀သ သတင်းမှာ ကြည့်ထားပေမယ့် ဒီဖက်တော့ ကျချင်မှ ကျမှာလို့ ထင်ခဲ့တာ တကယ်ပဲ နှင်းပါ ကျလာတယ်။ ဒီနှစ်ဆောင်းရဲ့ ပထမဆုံး နှင်း။ ဒါပေမယ့် မိုးနဲ့ရောနေတဲ့ နှင်းပါ။ မြေပေါ်မှာ တင်မနေဘူး။ မြေကြီးက ဒီလောက်ကြီး မအေးသေးဘူးဆိုတော့ မြေကြီးပေါ်လည်းရောက်ရော ချက်ချင်း အရည်ပျော်သွားကြတယ်။ မိုးနှင်းစက်တွေ လို့ပဲခေါ်ရမလားပဲ။တကယ်ဆိုရင် ဒီလို မိုးရွှဲရွှဲ၊ မဲမဲမှောင်မှောင်ထဲမှာ ဖုန်းကဒ်ကို ထွက်မ၀ယ်ချင်ပါဘူး။ သူငယ်ချင်းနဲ့ ချိန်းထားပြီးသားလည်းဖြစ်၊ ဒီနေ့ မ၀ယ်မဖြစ်တာကလည်း တကြောင်းမို့ သွားရမှာ။ သွားကာနီး သူငယ်ချင်းကို သေချာအောင် ဖုန်းထပ်ဆက်လိုက်တယ်။ “ လာမှာလား တို့ အခုထွက်ခဲ့တော့မှာနော်” ဆိုတော့ သူက “နှင်းတွေကျနေလို့ စဉ်းစားနေတာ” တဲ့။ မနေ့က ပြောတုန်းကတော့ တမျိုး။
မနေ့က ကျမက “တို့ဖုန်းကဒ်သွားဝယ်မလို့...အားရင် မြို့ထဲမှာ ဆုံမလား” ဆိုတော့ “ အေး အားတယ် ဆုံမယ်” တဲ့။ ဟိုးအရင်အပတ်တွေ ကတည်းက တွေ့မယ်တွေ့မယ်နဲ့ နှစ်ယောက်သား ပြောနေခဲ့ပြီး အဆင်မပြေတာနဲ့ မတွေ့ရသေးဘူး။ ဒါကြောင့် ကျမက ဆက်လိုက်တာ။ ကျမကတောင် ပြောလိုက်သေးတယ်။ “ မနက်ဖြန် နှင်းကျမယ် ပြောတယ်။ ကဒ်ဝယ်ရမှာမို့သာ သွားရမှာ စိုစိုစိစိနဲ့ မြို့ထဲလမ်းမလျှောက်ချင်ဘူး” ဆိုတော့ သူက “ တို့ကတော့ သွားမယ်လို့ လုပ်ထားရင် ဘယ်လိုဖြစ်ဖြစ်သွားတာပဲ” တဲ့။ ခုကျတော့ တမျိုး။ ဒါနဲ့ကျမလည်း “ မလိုက်ရင်လည်း မလိုက်နဲ့လေ...တို့လည်း မထွက်မဖြစ်သာ ထွက်ရတာ.. ဒါပေမယ့် မနေ့ကပြောတုန်းကတော့ သွားမယ်လို့ ဆုံးဖြတ်ပြီးရင် ဘာဖြစ်နေနေ သွားတယ်ဆို” လို့ ပြန်မေးလိုက်တယ်။ သူက အီး...အဲ...နဲ့ ဘာမှ ပြန်မပြောပဲ ရယ်နေတယ်။ သူမလိုက်တာ ကျမ စိတ်မကွက်ပါဘူး။ ဒီလိုရာသီဥတုမျိုးမှာ ဘာမှ အထွေအထူး ၀ယ်စရာ မရှိတဲ့ သူ့အနေနဲ့ အပြင် မထွက်ချင်တော့တာ ကျမ နားလည်ပါတယ်။ မကြိုက်တာက သူက စကားကို အကုန်ပြောပြီး လိုက်လည်း မလုပ်နိုင်တာကိုပါ။ ကျမကတော့ သူနဲ့ ချိန်းမယ်ဆိုတိုင်း အမြဲပြောတယ်။ “ သူငယ်ချင်းတွေနဲ့ အပျော်သက်သက် မြို့ထဲသွားကြမယ်ဆိုရင် နေသာမှ သို့မဟုတ် ခြောက်သွေ့မှ သွားချင်တာ ” လို့။ ရာသီဥတုကြည့်ပြီး ချိန်းတယ်။ ဟုတ်တယ်လေ။ ဒါမှ ဟိုဆိုင်ဝင် သည်ဆိုင်ထွက် လမ်းလျှောက်လို့ ကောင်းမှာပေါ့။ စကားပြောရုံကတော့ အိမ်ထဲမှာ နွေးနွေးထွေးထွေး နေပြီး ဖုန်းပဲ ဆက်တော့မှာပေါ့။ ကျမ ဒီလိုပြောပြီဆိုရင် သူကလည်း “ တို့ကတော့ ဘယ်လိုဖြစ်ဖြစ် သွားမယ်လုပ်ပြီးရင် သွားတယ်” လို့ အမြဲပြန်ပြောတယ်။ အခုတော့ သူ အပြောနဲ့အလုပ် မညီကြောင်း လက်တွေ့ပြလိုက်နိုင်သလို ဖြစ်သွားတယ်။ ကောင်းတယ်။
ထားပါလေ။ ပြောချင်တာက ဒီအကြောင်း မဟုတ်ပါဘူး။ သူမလိုက်လည်း ကိုယ့်ဟာကိုယ် သွားမှာပေါ့။ တခုပဲ...သူက ဖုန်းကဒ်သုံးတဲ့သူ ဆိုတော့ ဆိုင်ကိုသိတယ်။ ကျမက တခါမှ မ၀ယ်ဖူးဘူး။ ရပါတယ်..လိုက်ရှာလိုက်မှာပေါ့။ ပုံမှန်အားဖြင့်တော့ ကျမတို့က တခြားနိုင်ငံကို ဖုန်းခေါ်ရင် တိုက်ရိုက်မနှိပ်ပဲ အရှေ့ကနေ ဈေးသက်သာတဲ့ ဖုန်းနံပါတ်တခု ခံပြီး ခေါ်လေ့ရှိတာ။ အင်တာနက်ဖုန်းတွေက ကျမတို့အတွက် အဆင်မပြေဘူး။ ကျမ သူငယ်ချင်း အများစုကတော့ ကဒ်သုံးနေကြတာ ကြာပြီ။ ခုတော့ ကျမတို့လည်း မဖြစ်မနေ ကဒ်သုံးရတော့မယ်။ ပြဿနာရဲ့ အစကတော့ Telecom....။
Telecom ဆိုတာက ပြောရရင်တော့ မူလပထမက အစိုးရပိုင် တယ်လီဖုန်း ဆက်သွယ်ရေးရုံးပါ။ ခုတော့ ပုဂ္ဂလိကဖြစ်ချင်လည်း ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဆက်ဆံရေးကတော့ မူလကအတိုင်း ညံ့မြဲပါပဲ။ အိမ်တွေရဲ့ လိုင်းဖုန်းတွေအားလုံးက သူတို့ဆီကပေါ့။ ကျမတို့ဆီမှာလည်း သူတို့ကို လစဉ်ကြေး ၁၃.၇၅ ယူရို ပေးထားလို့ လိုင်းဖုန်းတလုံး ရှိတယ်။ အဲဒီတုန်းက flat rate နဲ့ ကျမတို့ မယူသေးဘူး။ ဒီတော့ ဖုန်းဆက်ရင် တမိနစ်ကျသင့်ကြေးကို ပေးရတယ်။ မြို့တွင်းဆို ဘယ်လောက်၊ ဘယ်နိုင်ငံဆို ဘယ်လောက် စသည်ဖြင့်ပေါ့။ ကျမတို့ ဖုန်းဆက်မယ်ဆိုရင် အရှေ့ကနေ နံပါတ်တခု ခံဆက်တယ်။ ဒီလိုခံဆက်ရင် Telecom က နှုန်းထက် ပိုသက်သာတယ်။ အဲလို နံပါတ်တွေ ပေးတဲ့ အေးဂျင့်တွေ ရှိတယ်။ ပြေစာဖြတ်ပိုင်းကတော့ လကုန်ရင် Telecom ဆီကပဲ တပေါင်းတစည်းတည်း လာတယ်။ အဲဒီထဲမှာ ကိုယ်ခေါ်ထားတဲ့ နံပါတ်တွေနဲ့ အတူ ဘယ်ဖုန်းကတော့ တိုက်ရိုက်နှိပ်ထားတာ၊ ဘယ်ဖုန်းကတော့ ရှေ့က ဘယ်ဈေးသက်သာတဲ့နံပါတ်ကို ခံခေါ်ထားတာ ဆိုတာတွေပါတယ်။ ကျသင့်ငွေကို Telecom ကိုပဲ ရှင်းပေးရုံပဲ။ အဲဒီ အေးဂျင့်တွေကို သူတို့ဟာသူတို့ ပြန်ရှင်းပေးတယ်ပေါ့။ ကျမတို့ဆီကဆို Telecom က လစဉ်ကြေးပဲရတာ။ ခေါ်သမျှဖုန်းက ဘယ်တော့မှ တိုက်ရိုက်မနှိပ်ဘူး။ ဈေးသက်သာတဲ့နံပါတ်တွေနဲ့ ခံပြီး ခေါ်ထားတာတွေ ချည်းပဲ။ အင်တာနက်ဆိုလည်း အဲဒီတုန်းက ကြာကြာမ၀င်နိုင်ဘူး။ မိနစ်နဲ့ပေးရတာမို့လေ။
ဒီလိုနေရင်း ကျမတို့လည်း အင်တာနက်နဲ့ တယ်လီဖုန်း flat rate ကို တခြားက ယူလိုက်တယ်။ လစဉ်ကြေးက ၃၄.၉၉ ယူရို။ အင်တာနက် ကြိုက်သလောက်၊ ပြည်တွင်း ကြိုက်သလောက် ဖုန်းဆက်လို့ရတယ်။ အဲ...ပြည်ပကျတော့ မိနစ်နဲ့ပေးရတယ်။ (Telecom လိုလည်း ရှေ့က ဈေးသက်သာတဲ့နံပါတ် ခံနှိပ်ခွင့် မပေးဘူး။) သူတို့ နှုန်းက တခြားနိုင်ငံတွေကို ဆက်ရင် သိပ်ဈေးမကြီးပေမယ့် ဥပမာ....အမေရိကားတို့ ၊ တခြား ဥရောပနိုင်ငံတို့ကို ဆက်ရင် တမိနစ် ၂ ပြားလောက်ပဲ ကျတာဆိုတော့ ဈေးသက်သာတဲ့ နံပါတ်ခံနှိပ်လည်း ဒီလောက်ပါပဲ။ ဒါပေမယ့် ကျမတို့အတွက် အဆုံးအဖြတ်ပေးတာက ဗမာပြည်ကို ဆက်တဲ့နှုန်း။ တမိနစ်ကို ၉၉ ပြားတဲ့။ ဈေးသက်သာတဲ့ နံပါတ်ခံနှိပ်ရင် အပေါဆုံးက ၁၇ ပြားလောက်ပဲ ကျတယ် ဆိုတော့ တော်တော်ကွာတယ်။ တမိနစ်ကို ၁ယူရိုနီးပါး ကျနေရင် ဖုန်းဘယ်လို ဆက်ရတော့မှာလဲ။
ဖုန်းကဒ်ဝယ်ဆက်ရင် အခု နံပါတ်ခံနှိပ်သလိုမျိုးနဲ့ တူတူလောက် ကျမယ်။ ဒါပေမယ့် အဆင်မပြေဘူး။ ကဒ်က မိနစ်တွေ စားသွားတယ်။ ပြောထားတဲ့ မိနစ်အတိုင်းမရဘူး။ ဆက်ချင်တဲ့အချိန် ကဒ်က အဆင်သင့် မရှိရင်လည်း ထွက်ဝယ်နေရဦးမှာ။ အင်တာနက်ဖုန်းတွေလည်း စမ်းကြည့်ပါသေးတယ်။ဘယ်ဟာမှ အဆင်မပြေပါဘူး။ ဈေးပိုကြီးတဲ့ ဟာကကြီး၊ ချက်ချင်းမ၀င်ပဲ miss call တွေဖြစ်ပြီး ပိုက်ဆံကျတော့ စားစားသွားတယ်။ ပြီးတော့ Telecom ကို ဖုန်းပြန်အပ်လိုက်ရင် ရထားတဲ့ နံပါတ်က ပျောက်သွားဦးမှာ။ Flat rate ဆီကတော့ ဖုန်းနံပါတ်အသစ်တွေ ၅ ခုတောင်မှ ရပါတယ်။ ဒါပေမယ့် ကိုယ့်ကို သူများတွေ သိပြီးသာဖြစ်တဲ့ ဖုန်းနံပါတ်က Telecom ဆီက နံပါတ်လေ။ Flat rate အေးဂျင့်ကလည်း အဲဒီနံပါတ်ကို Telecom ဆီကနေ သူတောင်းပေးလို့မရဘူးတဲ့။ အဲလို အဲလိုတွေကြောင့် ကျမတို့ flat rate ယူတဲ့အပြင် Telecom ကိုလည်း ဆက်ထားခဲ့ရတယ်။
ပြဿနာဖြစ်ပုံက ဒီလိုပါ။ မနှစ်က ဒီဇင်ဘာ ကျမတို့ ဗမာပြည်သွားလိုက်တဲ့အချိန် ရောက်လာတဲ့ ဖုန်းပြေစာကို ပြန်ရောက်တော့မှ ဆောင်ရတယ်။ Telecom ဆီက ဖုန်းဖိုး မဆောင်ရသေးကြောင်း သတိပေးစာတောင် ထပ်ရောက်နေတယ်။ ပြန်ရောက်တော့ ချက်ချင်း ဆောင်လိုက်ပါတယ်။ အိမ်ပြန်ဖြစ်တဲ့လတိုင်း ဖြစ်နေကျပါ။ဖုန်းဖိုးအပြင် သတိပေးစာပို့တဲ့အတွက် ၃ ယူရိုအပိုပေးရတယ်။ အိုကေ..ဆောင်ပြီးပြီပေါ့ ဆိုပြီးနေတာ ၁၀လလောက် ကြာတော့မှ သတိပေးစာ တစောင် ရောက်လာပြန်တယ်။ အဲဒီလတုန်းက အတွက်ပါပဲ။ မရသေးဘူးဆိုပြီး နောက်ကျကြေးနဲ့ ပေါင်းပြီး ၉.၂၉ ယူရိုတောင်းတာ။ ဒီတခါ သတိပေးစာက Telecom က မဟုတ်ဘူး။ အဲဒီလက ကျမ ဗမာပြည်ကို ခေါ်တော့ Telecom ကနေ တိုက်ရိုက်မခေါ်ပဲ ၀၁၀၁၅ ခံပြီးခေါ်ထားတာ။ ဒီနံပါတ် ပိုင်ရှင် အေးဂျင့်နာမည်က Ventelo ။ (အဲဒီ ၀၁၀၁၅ က တမိနစ်ကို ၃၂.၅ ပြားတောင် ပေးရတာ။ ဈေးပိုသက်သာတဲ့ နံပါတ်တွေက ခေါ်ရခက်တယ်။ ဒီကောင်က ဘယ်အချိန်ဖြစ်ဖြစ် ချက်ချင်းဝင်တယ်။ ခုတော့လည်း ဒီနံပါတ် ရှာမတွေ့တော့ပြန်ဘူး။)
Venteloက ဖုန်းခတွေ ကျန်လို့တောင်းရင် ကိုယ်တိုင်မတောင်းဘူး။ Service တခုကို အပ်ထားတယ်။ နာမည်ကAcoreus service တဲ့။ အခု အဲဒီ service က ကျမတို့ဆီကို သတိပေးစာပို့ပြီး တောင်းတာပေါ့။ တကယ်ဆို အဲဒီလအတွက်က ဗမာပြည်သွားကာနီး ဖုန်းဆက်တာ ၂.၄၆ ယူရိုဖိုးထဲပါ။ အဲဒီ Ventelo က နံပါတ်ကို မသုံးလိုက်မိရင်လည်း အကောင်းသား။ ဒါနဲ့ Acoreus service ဆီက သတိပေးစာလာတော့ ဘယ်လိုဖြစ်တာလဲ ဆိုပြီး ကျမတို့ Telecom ကို ဖုန်းဆက်မေးတယ်။ သူတို့က လွှဲပေးပြီးပြီပြောတယ်။ ပြန်စစ်ပေးပါ့မယ် ဆိုပြီး သိတဲ့အတိုင်း ဘာမှအကြောင်းပြန်မလာဘူး။ ကျမတို့က internet banking သုံးထားပြီး အချိန်က ၁၀လ ကြာပြီဆိုတော့ ငွေလွှဲထားတဲ့ ပြေစာက အဲဒီထဲက ထုတ်လို့ မရတော့တာရယ်၊ ဖုန်းခဏခဏ ဆက်ရင်လည်း အကြာကြီးစောင့်ရပြီး မိနစ်ပိုင်းနဲ့လည်း ဖုန်းခပေးရသေးတော့ တော်ကြာ ပေးရမယ့် ငွေထက် ဒီကိစ္စဖြေရှင်းရတဲ့ ဖုန်းဖိုးက ပိုများသွားမှာမို့ စိတ်ရှုပ်တာနဲ့ သူတို့တောင်းတဲ့ ၉.၂၉ ယူရိုကို လွှဲပေးလိုက်တယ်။ နောက်ကျတယ်ဆိုရင် ပိုက်ဆံက အမြဲ ပိုပေးရတာပဲ။ အမှန်ဆို ကိုယ်ကပေးပြီးသား။ Telecom က သေချာမလုပ်လို့ လွဲချော်တဲ့ ကိစ္စကို ကျမတို့ဆီကပဲ ပြန်လာတောင်းနေတယ်။
ဒီတခါတော့ တကယ် ပြီးပြီပေါ့ဆိုပြီးနေတာ နောက်၃ ရက်လည်းနေရော ဒီ Acoreus service ဆီကပဲ သပ်သပ် ငွေတောင်းစာ ရောက်လာပြန်တယ်။ ဒီတခါတောင်းတာက ၃၃ ယူရို။ သူတို့ရဲ့ ၀န်ဆောင်မှုအထွေထွေ စရိတ်ပါတဲ့။ ဒေါသဖြစ်လိုက်တာလေ။ တောင်းတဲ့ပိုက်ဆံ မပေးပဲ Telecom ကို မရမက ရှင်းခိုင်းဖို့ ကြံသေးတယ်။ ကိုယ်ကပေးပြီးသား၊ သူတို့ဆီက တခုခုမှားနေလို့သာ ဖြစ်ရတာကိုး။ ဒါပေမယ့် အဲဒီ Telecom က ဆက်ဆံရေးကျဲ၊ ၀န်ဆောင်မှုညံ့တော့ ဘယ်လိုမှ လိုရင်းကို တိုးပေါက်မှာ မဟုတ်ဘူး။ ဖုန်းဆက်ဖို့ကိုပဲ အကြာကြီးစောင့်ရတာဆိုတော့လေ။
ဒီ Acoreus service ကို အင်တာနက်မှာ ရှာကြည့်တော့မှ တခြားသူတွေအများကြီးလည်း ဒီလိုခံရတာ သိတော့တယ်။ တယောက်ဆိုရေးထားတာ ၈ ယူရိုပေးရမယ့်ဟာကို ၇၀ ပေးလိုက်ရတယ်တို့ ဘာတို့။ သူကလည်း ဒီ Ventelo ဆီက ရှေ့ကခံနှိပ်တဲ့နံပါတ်တွေကို သုံးတယ်လေ။ Ventelo ကတော့ ငွေတောင်းဖို့အတွက် Acoreus service ကို သုံးတယ်။
ဒီတော့ အချိန်ကြာနေရင် တခါ နောက်ထပ် ဘယ်လောက်များများ ထပ်တောင်းနေဦးမလဲ မသိတာနဲ့ ဒေါသဖြစ်ဖြစ်နဲ့ပဲ ပေးလိုက်တယ်။ ချက်ချင်းပဲ Ventelo က နံပါတ်တွေကို အင်တာနက်ထဲက ရှာပြီး ဗမာပြည်ဆက်တဲ့အခါ မသုံးတော့ဘူး။ ပြီးတော့ အခု Telecom နဲ့ စာချုပ် ဖျက်လိုက်ပြီ။ Flat rate စာချုပ်အသစ် ချုပ်တော့ သူတို့က ကျမတို့ရဲ့ Telecom ကရထားတဲ့ ဖုန်းနံပါတ်ကို ရအောင်ယူပေးနိုင်တယ် ဆိုတော့ ပြီးရောပေါ့။ တခုပဲ ….နိုင်ငံခြားကို ဆက်ရင်တော့ တခြားဖုန်းနံပါတ် ခံဆက်လို့မရဘူး။ သူ့နှုန်းအတိုင်းပေးရမယ်။ သူ့ရဲ့နှုန်းက ဗမာပြည်အတွက် ၉၉ ပြားဆိုတော့ ဘယ်လိုမှ မဆက်နိုင်ဘူး။ ကဒ်နဲ့ဆိုရင်တော့ ၅ယူရိုတန် ကဒ်ကို ဗမာပြည်နဲ့ နာရီဝက်ကျော်ကျော်လောက် ပြောရတယ်လို့ သူငယ်ချင်းက ပြောတာပဲ။ ဒါဆိုရင်တော့ ၁၇ ပြားလောက် ကျမှာပေါ့နော်။
ဒီစာချုပ် ဒီနေ့ နေ့လည် ၁၂ နာရီက စပါတယ်။ ဒါကြောင့် ဒီနေ့ ဖုန်းကဒ် မ၀ယ်မဖြစ် ထွက်ဝယ်ရတယ်။ ချမ်းချမ်းအေးအေး နှင်းမိုးရွှဲရွှဲထဲ လမ်းလျှောက်လိုက်ရတယ်။ ရောင်းတဲ့ဆိုင်ကို တော်တော်နဲ့ ရှာမတွေ့ဘူး။ နှစ်ခါလောက်မေးပြီးမှ ရောက်သွားတယ်။ အိမ်ကိုကတော့ ဒီနေ့ မဖြစ်မနေ ဆက်ရမယ်လို့ မဟုတ်ပါဘူး။ ရက်ရွှေ့ဆိုင်းလို့ ရပါသေးတယ်။ မရတာက သူ။ သူ့ကြောင့် သွားဝယ်ရတာ။ သူ ခရီး ထွက်နေတယ်လေ။ ညကျမှ အဲဒီကဒ်နဲ့ သူ့ဆီ ဖုန်းဆက်ရမှာ။