ဖက်ထုပ်ကို ပေါင်းစား၊ ပြုတ်စားပဲ လုပ်နေတာ... ကြော်စားတာ အကြိုက်ဆုံးပေမယ့် ခက်တယ်ထင်လို့ မလုပ်တာလေ။ ကိုယ်မြင်ဖူးတာက မီးတောက်တွေနဲ့ ဒယ်ပြားကြီးထဲမှာ အဖုံးဖုံးပြီး ကြော်နေတာကိုး။ မီးတောက်တွေက ဘေးကို လျှံထွက်လို့... အဲလိုမျိုး မြင်ဖူးတာ။ အိမ်မှာက အဲလိုလုပ်လို့ မဖြစ်တော့ အထဲက အဆာမကျက်ဘဲနေမယ်ဆိုပြီး မလုပ်စားဖြစ်တာ။ ကွန်းခိုရာဘလော့ဂ်ရှင် အန်တီဦးရေးတာ ဖတ်ပြီးမှပဲ အဲလိုပြုတ်ကြော်လေးလည်း ဖြစ်တာပဲဆိုပြီး လုပ်စားကြည့်တာပါ။ ဒါကြောင့် ဘလော့ဂ်ဖတ်ရင် အစားအသောက်ဘလော့ဂ်တွေ အများဆုံးဖတ်ဖြစ်တယ်... အတုခိုးဖို့ ကိုယ့်အတွက် သိပ်အသုံးကျတာမို့။ ဖက်ထုပ်ကို ပေါင်းစားတာလည်း Evy ဆီက ဖတ်မိမှ လုပ်ဖြစ်တာပဲ။ အရင်က ပြုတ်ပြီးဟင်းရည်ပဲ လုပ်စားဖြစ်ခဲ့တာ။ အိုင်ဒီယာကို မရတာလေ။ ကိုယ်စားချင်တဲ့ အစားအစာတွေ အလွယ်တကူ ၀ယ်စားလို့ရတဲ့ နေရာမှာမဟုတ်တော့ ကိုယ်တိုင်လုပ်မှပဲ စားဖြစ်တော့တာမို့ တခြားဘလော့ဂ်တွေကနေ သည်လိုပဲ အိုင်ဒီယာယူပြီး လိုက်လုပ်ကြည့်ဖြစ်တယ်။ အဆာပလာကတော့ ကိုယ်ထည့်ချင်ရာ ထည့်တာပေါ့လေ။
ဖက်ထုပ်ကြော်........

အရွက်တွေ ရေခဲခန်းကနေ ထုတ်ထားတာ နည်းနည်းကြာသွားလို့ အဖျားတွေ နည်းနည်း ခြောက်သွားတယ်။ အန်တီဦးပြောသလိုပဲ ရေလေးဖြန်းပြီး ဆီကပ်ကပ်နဲ့ ကြော်ပါတယ်။ ဖက်ထုပ်အရွက်ဖင် တူးတူးလေးပေါ့။ ရေလေးဖြန်း၊ ဒယ်အိုးအဖုံး ဖုံးထားလိုက်တော့ အငွေ့နဲ့ အထဲက အသားတွေ ကျက်သွားပါတယ်။ အဆာပလာကတော့ ရှိတဲ့ထဲက သင့်တော်တာ ရွေးထည့်တယ်။ ကျမ များသောအားဖြင့် ထည့်ဖြစ်တာက တရုတ်ဆိုင်က၀ယ်ထားတဲ့ မွှေးတဲ့အနံ့ရှိတဲ့ မှိုခြောက်၊ အသားရယ်၊ ကြက်သွန်မြိတ်ရယ်ပါ။ ကျူဆိုင်ခေါ်တဲ့ဟာတော့ တကူးတက မရှာနေတော့ဘူး။ ကျန်တာကတော့ ကော်မှုန့်၊ နှမ်းဆီမွှေး၊ ခရုဆီ၊ သကြားဆားပြားအရသာနဲ့ ငရုတ်ကောင်းနည်းနည်းထည့်တယ်။ ကြက်သွန်ဖြူလည်း နည်းနည်းထည့်တယ်။ ဂျင်းမထည့်ဘူး။
တွဲစားဖို့ ဆန်ကြာဆံပြုတ်ချိုပါ....... မှိုလုံးအညိုရောင်၊ ကြက်သွန်မြိတ်နဲ့ အသားလုံး ထည့်ထားတယ်.... သည်က ကြက်သွန်မြိတ်ကြီးတွေကတော့ ဗမာပြည်ကလို ခပ်သေးသေးမဟုတ်...

အချဉ်တော့ မရိုက်ဖြစ်လိုက်ဘူး.... ပုလင်းထဲက ငရုတ်ဆီပဲ ယူစားလိုက်တာပါ...
