
မီးဖိုပေါ်မှာ ချက်တာမဟုတ်ပဲ ၀က်သားလုံး၊ အာလူး၊ ပန်းငရုတ်ပွအနီရောင်ကို Oven ထဲထည့်ပြီး နှပ်ထားလိုက်တာပါ။ ထမင်းနဲ့ပဲစားစား၊ သူ့ချည်းပဲစားစား စားလို့ရတယ်။ လုပ်ရတာလည်း လွယ်ပါတယ်။ ၂၀၀ ဒီဂရီစင်တီဂရိတ်နဲ့ ကြိုတင်အပူပေးထားတဲ့ Oven အလယ်ဆင့်မှာ၊ နာရီဝက်လောက် ထားထားလိုက်ရုံပါပဲ။
ဝက်သားကြိတ်သား ၅၀၀ ဂရမ်လောက်ကို အရသာထည့်နယ်လုံးထားလိုက်ပြီး ဗန်းပေါ် ဖြန့်တင်ထားလိုက်တယ်...

အာလူး၊ ငရုတ်ပွအနီနဲ့ ကြက်သွန်နီတို့ကို အမြောင်းလေးတွေ လှီးလိုက်ပြီး စပ်ထားတဲ့ အရသာမှုန့်နဲ့ နယ်ပေးတယ်.....

အသားနဲ့ ဟင်းသီးဟင်းရွက်တွေအတွက် အရသာကတော့ ကိုယ်စားချင်သလို စပ်ပါ။ ကုလားမဆလာနံ့ကြိုက်ရင် အဲဒါသုံး၊ မဟုတ်လည်း တခြားကိုယ်ကြိုက်တာ ထည့်လို့ရတယ်။ ကျမထည့်တာကတော့ အိမ်မှာရှိနေတဲ့ သည်က ဟင်းခပ်အမွှေးအကြိုင် အရွက်တွေဖြစ်တဲ့ Thymian, Oregano, Rosmarin (thyme, oregano, rosemary) အခြောက်မှုန့်တွေအပြင် အရောင်တင်မှုန့်၊ ကုံကုမံမှုန့်၊ ကြက်သွန်ဖြူ ၊ ဆား၊ သကြားနည်းနည်း၊ ခရမ်းချဉ်သီးတလုံးကို အခွံခွာ နုတ်နုတ်စင်းပြီးလည်း ထည့်လိုက်သေးတယ်။ အနှစ်ကလေး ဖြစ်လာအောင်လို့။ ဆီကို ထမင်းစားဇွန်းတဇွန်းလောက်ထည့်၊ ရေကို ထမင်းစားဇွန်း နှစ်ဇွန်းသုံးဇွန်းလောက် ထည့်ပေးလိုက်ရင် နယ်လို့ကောင်းတယ်။
နယ်ပြီးရင် အဲဒါတွေကို အသားလုံးတွေ ဘေးနားမှာပဲ ဖြန့်ခင်းပေးလိုက်တယ်.... Oven ထဲ မထည့်ခင်...

နာရီဝက်ဆိုရင် Oven ကနေ ထုတ်လို့ရပြီ... ရှေ့ဆုံးက အလုံးက အသားအထဲ ကျက်မကျက် မြည်းထားတာလေ....

အသား နည်းနည်းလေး ပိုပြီးနီရောင်သမ်းစေချင်လို့ နောက်ထပ်ငါးမိနစ် ထပ်ထားပေးလိုက်တယ်။ Oven နဲ့ဆိုတော့ ထည့်ထားတဲ့အချိန်အတွင်း ဘာမှပြန်လှည့်ကြည့်စရာ မလိုတာမို့ လူသက်သာတယ်။ စောင့်နေရတဲ့ အချိန်အတွင်မှာ မီးဖိုချောင် သိမ်းဆည်းလို့ ရသေးတယ်။ သည်ဟင်းအနှစ်အဆာပလာကို ကျမစပ်သလိုမစပ်ပဲ ဗမာဟင်းချက်ဖို့ ကြက်သွန်ဖြူနီ ဂျင်းနဲ့ ပြင်ဆင်ထောင်းထားတဲ့ အနှစ်နဲ့ နယ်ပေးပြီး Oven ထဲ ထည့်လိုက်ရင်လည်း ရတယ်။ အရသာ နောက်တမျိုးပေါ့။
