မိုးဇယ်မြစ်ဝှမ်းက ဝိုင်စိုက်ခင်းများ....


အများစု တညီတညွတ်တည်း ပြောကြတာကတော့ ဂျာမဏီရဲ့ အကောင်းဆုံးဝိုင်ထွက်ရာ ဒေသက မိုးဇယ်မြစ်ဝှမ်းဒေသ ပါတဲ့။ တကယ် ကောင်းမကောင်းတော့ မသောက်ဖူးလို့ မသိဘူး။ သောက်ရင်လည်း ကောင်းမကောင်း ခွဲတတ်မှာ မဟုတ်ဘူး။ (ဘာကြောင့်ညာကြောင့် ရှောင်ထားလို့ မသောက်တာ မဟုတ်ပါဘူး.... မသောက်ချင်သေးလို့ မသောက်တာပါ။) မိုးဇယ်မြစ်ဝှမ်းတလျှောက် တောင်စောင်းတွေမှာ နေရာလွတ်ရှိသမျှကို ဝိုင်ခင်းတွေ လုပ်ထားကြတာ တွေ့ရတယ်။ အဲသည်ဖက်မှာ ပူတဲ့နေက ဝိုင်ကောင်းကောင်းရဖို့ စပျစ်ပင်တွေရှင်သန်ဖို့ အကောင်းဆုံးနေပူပုံမျိုး ဖြစ်မယ်ထင်တယ်။ စပျစ်တွေကို အခင်းပြန့်ထက် တောင်စောင်းတွေပေါ်မှာစိုက်ရတယ် တဲ့။ ဒါမှ အပင်အားလုံး တပင်က တပင်ကို ကွယ်မထားပဲ နေအပူရှိန်ကို ညီညီမျှမျှ ရတာ တဲ့။ မိုးဇယ်မြစ်က တော်တော်ကွေ့ကောက်တာမို့ လှပတဲ့မြစ်လို့လည်း ပြောကြတယ်။ (မြစ်ရဲ့သဘောက ကောက်ကွေ့တယ်။ ဖြောင့်ဖြောင့်စီးဆင်းနေတဲ့ မြစ်ဆိုရင် မလှဘူး။ ကွေ့ကောက်တဲ့မြစ်မှ လှတယ် တဲ့။ မိန်းမတွေ သဘောက မြစ်လိုပဲဆိုတော့ လှတယ်လို့ ဆိုလိုတာပဲ ဖြစ်ရမယ်။) မြစ်ကြောင်းတလျှောက်က ရွာလေးတွေကတော့ စားသောက်ဆိုင်၊ ဝိုင်လုပ်ငန်းနဲ့ တည်းခိုခန်းလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြတာ တွေ့ရတယ်။ ခရီးသွားများပြီး မြစ်ကြောင်းတလျှောက် စက်ဘီးစီးကြတာတွေ အများကြီးပဲ။ စက်ဘီးစီးတယ်ဆိုတာ ဟိုနားသည်နား ခဏတဖြုတ်စီးတာကို ပြောတာမဟုတ်... မြစ်ကြောင်းတလျှောက် ခရီးရှည် စီးကြတာပါ။ တောင်ဖက်ကနေ တပတ်ဆယ်ရက်ခရီး စက်ဘီးနဲ့စီးပြီး မြစ်လမ်းကြောင်းတလျှောက်က ရွာတွေက တည်းခိုခန်းတွေမှာ တည်းကြတာ။ သည်လက ဝိုင်ခူးတဲ့ရာသီဆိုတော့ ဝိုင်စိုက်ခင်းတွေလည်ပတ်၊ ဝိုင်စက်ရုံတွေ သွားပြီး ဝိုင်ထုတ်လုပ်ပုံတွေ ကြည့်ကြနဲ့ အဲလို ခရီးထွက်ကြတာ။ တနေ့တနေ့ကို ကီလိုမီတာ သုံးလေးဆယ်... ပါဝင်တဲ့အုပ်စုရဲ့ နင်းနိုင်အားပေါ်မူတည်ပြီး... နင်းကြတယ်။ မြစ်ဘေးမြေပြန့်ဆိုတော့ စက်ဘီးစီးရတာ ကောင်းတယ်။ မြစ်ကြောင်းထဲမှာ ပြင်သစ်က အပျော်စီးသင်္ဘောတွေ လာကြတာကိုလည်း တွေ့ရတယ်။ မိုးဇယ်က ပြင်သစ်ထဲမှာလည်း စီးတာကိုး။ တနေရာနဲ့ တနေရာ ဖယ်ရီသင်္ဘောစီးပြီး ခရီးတို လည်ပတ်လို့လည်း ရတယ်။

Bremm ဆိုတဲ့ ရွာလေးက မိုးဇယ်မြစ်ကြောတလျှောက်မှာ အလှဆုံးတဲ့....... ကြားဖူးတာ...



မြစ်ဘေးတောင်ကုန်းတွေပေါ်က ဝိုင်ခင်းတွေ......


ဒါလေးတွေကို ငှားစီးလို့လည်းရတယ်...


ဟိုဖက်သည်ဖက် တောင်စောင်းတွေမှာ ဝိုင်ခင်း... တောင်စောင်းအောက်ခြေမှာ ရွာလေးတွေ... ရွာနှစ်ရွာအလယ်မှာ မိုးဇယ်မြစ်...


