
ဆီတိုဖူး မိတ်ဆက်ပေးမလို့။ တနေ့ကမှ ဝယ်လာတာ။ သူများတွေ စားဖူးပြီးသားလည်း ဖြစ်ချင်ဖြစ်မှာပါ ကိုယ်ကတော့ အခုမှ သည်တံဆိပ် ဝယ်ဖူးတာ။ မကြုံတာလား ဘာလားတော့မသိ ဝယ်လိုက်တိုင်း တခြားတံဆိပ်တွေချည်း ဖြစ်နေတာ။ အခုစားကြည့်တော့ သိပ်ကောင်းတာပဲ။ အရင်ဗူးတွေနဲ့ လားလားမျှမဆိုင်။ အရင်က သည်ကအာရှဆိုင်တွေက ဝယ်ဖြစ်သမျှဗူးတွေက ဖြူဖပ်ဖြူရော်နဲ့။ ဆီမပါ အရည်နဲ့စိမ်ထားတာ အနံ့ကလည်း မမွှေးဘူး။ ဒါကြောင့် အိမ်ပြန်တိုင်း အိမ်ကနေ အပင်ပန်းခံ သယ်သယ်လာတာ။ တနှစ်စာတော့ ဘယ်စားရမလဲလေ... ကုန်သွားတော့လည်း သည်မှာ ဝယ်စားရတာပေါ့။ အခုသည်တံဆိပ် တော်တော်ကောင်းတယ်။ အသားကလည်း စေးပိုင်နေတာပဲ။ အရင်တံဆိပ်တွေဆို ဇွန်းနဲ့ကော်ထုတ်တာတောင် ယုယုယယလေး ထုတ်ယူရတယ်.. အရမ်းပဲ့လွယ်လို့။ ဒါက အဲလိုမဟုတ်ဘူး။ လုံးဝ ပဲ့မသွားဘူး။ စေးပိုင်နေတာ... ဆီထဲမှာ စိမ်ထားတာ... အနံ့ကလည်း တော်တော်မွှေးတယ် ကောင်းတယ်။ စားနေကျ အနံ့အရသာမျိုးနဲ့ တော်တော်ဆင်တယ်။ သည်လောက်ဆို စားလို့ဖြစ်ပြီ... အိမ်ကနေ သယ်စရာမလိုတော့ဘူး။ ဆီတိုဖူးက ဟင်းဖြစ်တယ်။ ဘာမှမရှိရင် ထမင်းကြမ်းလေးကြော်ပြီး ဆီတိုဖူးလေးနဲ့ စားတာ။ အိမ်မှာဆိုလည်း မနက်ထမင်းကြော်ဆိုရင် ဆီတိုဖူးနဲ့ အမြဲတွဲစားတာ။ ဝယ်လာတဲ့ဆိုင်မှာ သုံးလေးငါးဗူးကျန်သေးတာ တွေ့တယ်။ အကုန်သွားဝယ်ထားရ ကောင်းမလားတွေးနေတာ။
ဆီတိုဖူး မိတ်ဆက်ပေးပြီးသွားတော့ ချက်စားဖြစ်တာ တင်လိုက်ဦးမယ်။

သည်အသားကင်မျိုး သည်နှစ်နွေမှာ မကြာခဏ လုပ်စားဖြစ်တယ်...။ ဗမာပြည်က တရုတ်ဆိုင်က အသားကင်နဲ့ အနံ့အရသာ တူတယ်လေ။ အိမ်မှာ oven နဲ့ နာရီဝက်လောက် ကင်လိုက်ရုံပဲမို့ လွယ်လည်းလွယ်တယ်။ သည်မှာလည်း တခါက တင်ဖူးတယ်။
အသားကင် သုပ်မလို့ လှီးထားတာ...

အသားကင်သုပ်....

အသားရယ်၊ ကြက်သွန်နီ၊ ပဲငံပြာရည်အကြည်၊ ငရုတ်သီးစိမ်း၊ သံပုရာသီးနဲ့ နံနံပင်... ဒါပဲထည့်တယ်။ ဆားထည့်ဖို့မလိုဘူး။ အသားထဲမှာ အရသာက ရှိနေပြီးသား။ ပဲငံပြာရည်နဲ့ သံပုရာသီး စပ်ထားတဲ့ အရည်အရသာကို သိပ်ကြိုက်တယ်။
မှိုစုံတဗူးဝယ်လာတယ်....

အရွက်တခွက်အတွက် ဝယ်လာတဲ့ မှိုလေးကြော်လိုက်တယ်... ခရုဆီလေးနဲ့ပေါ့...

ထမင်းကို အဖြူထည်မစားချင်လို့ ကြော်စားတယ်... ကြက်သားထမင်းကြော်...

ထမင်းကြော်ထဲထည့်မယ့် ကြက်သားကို အရင်ဆုံး ပဲငံပြာရည်အကြည်၊ အနောက်၊ ခရုဆီနဲ့ နယ်ထားပြီး ဆီထဲထည့်လှိမ့်၊ ခဏလေးပဲ ကျက်ရုံထားပြီး ဒယ်ထဲကပြန်ထုတ်.....

နောက် အရွက်နဲ့ ထမင်းကို အဲသည်ဒယ်အိုးထဲပဲ ထည့်ကြော်၊ ပြီးမှ အသားနဲ့ ပြန်ရောမွှေလိုက်တာ။ ဒါဆိုရင် အသားက သိပ်ကိုနူးနူးညံ့ညံ့လေး ဖြစ်တယ်။ အသားပါ အကြာကြီး ရောထည့်မွှေကြော်ရင် နုနုလေး မဖြစ်တော့ဘူး။ အမြဲတော့ သည်လိုကြီး ခွဲမနေပါဘူး စိတ်ပါမှ လုပ်တာပါ။
ဒါက အသားကင်နဲ့ကြော်ထားတဲ့ ခေါက်ဆွဲကြော်....

