ဆောင်းဦးစလာပြီ ဆိုပေမယ့် နေသာနေတုန်းပဲ။ ခုတလော နေ့စဉ်ရက်ဆက် ရာသီဥတု တော်တော်ကောင်းတယ်.... နွေးတယ်။ ရာသီဥတုကောင်းတော့ အပြင်ပိုထွက်ဖြစ်တယ်။ စက်ဘီးလည်း ပိုစီးထားတယ်.... နောက်ဆို မစီးနိုင်တော့ဘူးလေ။ မှောင်တာကတော့ အရင်ကလောက် နောက်မကျတော့ဘူး... ခုနစ်နာရီခွဲလောက်ဆို မှောင်သွားပြီ။ နွေတုန်းကတော့ ကိုးနာရီခွဲလောက်မှ မှောင်တာကိုး။
ခုတလော ဟင်းလည်း သိပ်ကြီးမချက်ဖြစ်ဘူး။ လွယ်တာပဲ လုပ်စားဖြစ်လိုက်တာ များတယ်။ အခုလည်း ကမန်းကတန်း လုပ်စားဖြစ်လိုက်တာလေး တင်လိုက်တယ်။ ဟိုနေ့ညနေက လုပ်စားဖြစ်တာ။ ညနေစာ စားဖြစ်မစားဖြစ် မသေချာပဲ နောက်မှ ဗိုက်ဆာတာနဲ့ ဘာစားစရာရှိလည်း လိုက်ရှာတော့ tortilla wraps အထုပ် ၀ယ်ထားတာ တွေ့တာနဲ့ အဆာသွတ်ဖို့ အသုပ်သဘောမျိုး လုပ်လိုက်ပြီး စားဖြစ်သွားတယ်။

ကြက်သားရင်ပုံသားကို အလွှာလိုက် ပါးနေအောင် ပြန်လှီး၊ ဆားနဲ့ ငရုတ်ကောင်း ဖြူးပြီး ထောပတ်နည်းနည်းနဲ့ မီးဖိုပေါ် လှိမ့်ပေးလိုက်တယ်။ ပါးနေအောင်လှီးတာက မြန်မြန်ကျက်အောင်လို့။ ထူရင် အထဲထိကျက်အောင် ပိုကြာကြာထားရတော့ အသားက မာသွားတယ်။ ပါးရင် ခဏလေးပဲလှိမ့်တာနဲ့ ကျက်ပြီ။ အဲဒါဆို အသားကလည်း နူးညံ့နေတာပဲ။ နည်းနည်းကြာတာနဲ့ အသားနုနုလေး မရတော့ဘူး မာသွားတာ။ အသားကျက်မှ ဆယ်ပြီး နုတ်နုတ်ပြန်စင်းတယ်။ သခွားသီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်တို့ကို ခပ်သေးသေး လေးထောင့်လေးတွေ လှီးပြီး Mayonnaise နဲ့ နယ်တယ်။ ဆားနည်းနည်း ထပ်ထည့်၊ သံပရိုသီး နည်းနည်းညှစ်တယ်။ ခါကျက်ဥ ထည့်ချင်တာနဲ့ ခပ်မြန်မြန်ပဲ လှီးထည့်လိုက်တယ်။ ခြစ်ရင်တော့ ပိုစားကောင်းတယ်။
ခါကျက်ဥ မထည့်ရသေးဘူး..... (အိမ်မှာ ရှိနေတာနဲ့ ထည့်ချင်လို့ နောက်မှ အမြန်လှီးပြီး ထပ်ထည့်လိုက်တာ....)

ချိစ်အမာ Emmentaler ခြစ်ထားတာကို ထည့်တယ်....

အားလုံးရောနယ်ပြီး tortilla ထဲ လိပ်စားလိုက်ရုံပဲ..

