ခေါက်ဆွဲကို ကြက်အူချောင်းနဲ့ ဂေါ်ဖီထုပ်အချဉ် ရောပြီး ချက်စားတယ်......

သည် Fusilli ဆိုတဲ့ ဝက်အူရစ်ပုံစံ အီတလီခေါက်ဆွဲနဲ့ လုပ်တာပါ....

ခေါက်ဆွဲ ၁၂၅ ဂရမ်ကို မုန့်ဖုတ်ဖိုထဲ ထည့်ဖုတ်မယ့် ဇလုံ သို့မဟုတ် ဗန်းတခုခုထဲ ထည့်ပြီး ကြက်အူချောင်း (ဝက်အူချောင်းလည်း ရတယ်) နှစ်ချောင်းကိုလည်း သေးသေးတုံးပြီး ထည့်လိုက်တယ်....


Sauerkraut ဆိုတဲ့ သည်ဂေါ်ဖီထုပ်အချဉ်ကို လုပ်ပြီးသား ဝယ်လို့ရတယ်။ အရသာက ချိုချိုချဉ်ချဉ်လေးပဲ... ဗမာပါးစပ်နဲ့ ကိုက်ပါတယ်။

ဂေါ်ဖီထုပ်အချဉ် ၃၀၀ ဂရမ်ကို ခေါက်ဆွဲနဲ့ ကြက်အူချောင်းပေါ် ဖြန့်ထည့်တယ်....

အိုးတခုထဲ နွားနို့ ၂၀၀ml နဲ့ ရေ ၂၀၀ml စီထည့်၊ ခနောအရသာမှုန့် (အာရှခနော မဟုတ်၊ သည်က အရသာခနောမှ ပိုလိုက်ဖက်ပါတယ်) ထည့်ပြီး မီးဖိုပေါ်မှာ တမိနစ်လောက်ပဲ အပူပေးလိုက်တယ်.... ပြီးတော့ Schlagsahne / cream ၁၀၀ml ကို ထည့်မွှေပေးတယ်...။
အိုးထဲက အရည်ကို ခုနက ခေါက်ဆွဲထည့်ထားတဲ့ ဗန်းထဲ ဖြန့်ပြီးလောင်းချပေးလိုက်တယ်... ပြီးတော့ အပေါ်ကနေ ခြစ်ထားတဲ့ ချိစ်အမာတမျိုးမျိုး (အခုသုံးထားတာက Emmentaler) ၅၀ ဂရမ်လောက်ကို ဖြူးပေးတယ်...

၂၀၀ ဒီဂရီစင်တီဂရိတ်နဲ့ ကြိုတင်အပူပေးထားတဲ့ oven ထဲမှာ ၃၀မိနစ် ဖုတ်လိုက်ရင် ရပါပြီ..... ဂေါ်ဖီထုပ်အချဉ်နဲ့ ချိစ်တို့ မီးကျွမ်းပြီး ထွက်လာတဲ့ အနံ့က တော်တော်မွှေးတယ်။ အချဉ်လေးနဲ့ဆိုတော့ မအီတော့ဘူးပေါ့။

