စနေဆိုရင် အိမ်မှာမနေ အပြင်ရောက်နေတာများတယ်။ မနက်စာလည်း ကြုံသလိုစားနဲ့ အိမ်ပြန်ရောက်တော့လည်း မောလို့ လွယ်တာပဲ စားဖြစ်တယ်။ သည်မှာက တခုကောင်းတာ အလွယ်တကူ စားလို့ရတဲ့အစာတွေကို ဝယ်ထားပြီး စားချင်တဲ့အခါ မြန်မြန်ဆန်ဆန် လုပ်စားလို့ရတာပဲ။ ငယ်ငယ်တုန်းက ကလေးတွေအတွက် ချက်ရပြုတ်ရ လုပ်နေရတဲ့ အမေ့ကို သတိရတယ်။ သည်မှာလိုသာဆို လွယ်လိုက်မယ့်ဖြစ်ခြင်း။ အမေ အချိန်တွေ အများကြီး ပိုထွက်လာမှာပဲ။ သည်နေ့ဆို အိမ်ပြန်ရောက်တော့ မိုးချုပ်နေပြီ။ အခုက ဆောင်းတွင်းရောက်လာပြီဆိုတော့ ညနေငါးနာရီလောက် ဆိုရင်ပဲ မှောင်သွားပြီလေ။ အိမ်ပြန်ရောက်တော့ ဝယ်လာတဲ့ ပစ္စည်းတွေ သိမ်းရဆည်းရ နေရာချရနဲ့ ပြီးလည်းပြီးရော လူက တနေ့လုံး လျှောက်သွားထားတာဆိုတော့ မောနေပြီ။ ဗိုက်က နည်းနည်းတော့ ဆာတယ်။ အများကြီးလည်း မစားချင်တာနဲ့ သည် Landjäger ဝက်အူချောင်းလေးပဲ စားလိုက်တယ်။ ပေါင်မုန့်တကိုက်နှစ်ကိုက်နဲ့ တွဲစားတာပေါ့။ တော်တော် ဗိုက်ပြည့်တယ်... တချောင်းပဲ ကုန်တယ်။

သည်ဝက်အူချောင်းက အခြောက်လှန်းပြီး မီးခိုးကျပ်တိုက်ထားတာပါ။ တချောင်းလောက် စားလိုက်တာနဲ့ ဗိုက်အဆာ တော်တော်ခံနိုင်တယ်။ ရေခဲသေတ္တာထဲ ထည့်ထားစရာမလိုပဲ အပူဒဏ်ကိုလည်း ခံနိုင်ရည်ရှိပြီး ခြောက်ခြောက်သွေ့သွေ့နဲ့မို့ ခရီးသွားတဲ့အခါ ဆောင်သွားလို့လည်း ကောင်းတယ်။
အသားပြား၊ ချိစ်နဲ့ ထောပတ် သို့မဟုတ် အလားတူ တခြားသုတ်စရာ ဘာညာဝယ်ထားလိုက်ရင် ပေါင်မုန့်နဲ့တွဲပြီး အလွယ်တကူ အမျိုးမျိုး လုပ်စားလို့ရတယ်။
အသားပြား၊ ချိစ်အမာနဲ့....

ပေါင်မုန့်အညိုကို ချိစ်အပြော့နဲ့....


ချိစ်နဲ့စားတာ အားမရလို့ Baguette ကို ထောပတ်ပါ သုတ်ထားတာ....

သည်အညိုရောင် ပေါင်မုန့်ကြွပ်က ဆွီဒင်လူမျိုးတွေ စားကြတဲ့ Knäckebrot...

ခနက်ကယ်ပေါင်မုန့်ခြောက်က ကြွပ်ခြောက်နေလို့ ကြာကြာအထားခံတယ်။ အဆာပြေစားဖို့ ဝယ်ထားလို့ကောင်းတဲ့ မုန့်ပါ။ ဗူးလေးထဲ ထည့်သိမ်းထားရုံပဲ။ ပိန်ချင်တဲ့သူတွေ ဝိတ်လျှော့တဲ့အခါ ဒါစားကြတယ်တဲ့။ အသားတွေ ချိစ်တွေနဲ့တော့ တွဲမစားနဲ့ပေါ့။
ကြက်သွန်ဖြူပေါင်မုန့်လည်း ကောင်းတာပဲ....

အထဲမှာ ကြက်သွန်ဖြူနံ့သင်းတဲ့ ထောပတ်ပါတယ်...

ပေါင်မုန့်အတွက်ကတော့ အချိန်ရရင် ကြုံရင် အပြင်ကပေါင်မုန့်ဆိုင်က ဝယ်လာခဲ့သလို လုံးဝအချိန်မရတဲ့အခါ စားဖို့ လိုလိုမယ်မယ် သည်ပေါင်မုန့်လေးတွေ အထုပ်လိုက်ဝယ်ထားပြီး ရေခဲရိုက်ထားတယ်။ စားတော့မှ ဆယ်မိနစ်ဖုတ်လိုက်ရင် စားလို့ရပြီ...။ မုန့်ဖုတ်ဖိုကို ကြိုတင်အပူပေးစရာတောင် မလိုဘူး...

