Wednesday, November 30, 2011

မှားတဲ့အခါလည်း မှားပေမပေါ့

မပြောချင်တော့ပါဘူး.... ချက်တာက ဆန်စေး၊ ဆန်ပြား၊ ရေစိမ်၊ မြီးရှည်၊ ဂျုံခေါက်ဆွဲဖတ် အားလုံးနဲ့ လိုက်ဖက်စားလို့ရတဲ့ အသားဟင်း....။ ချက်ပြီးပြီးချင်း ဆန်ကြာဆံနဲ့ စားချင်စိတ်ပေါက်လာတာနဲ့ (တကယ်တော့ ဆန်ကြာဆံဖတ်က တယောက်စာ စားလောက်ရုံ အဆင်သင့် ခွဲထားပြီးသားလေးတွေမို့လည်း လွယ်လွယ်ကူကူဆိုပြီး) ယူစားလိုက်တာ ပြုတ်လိုက်မှ သတိထားမိလိုက်တာက ပဲကြာဆံ ဖြစ်နေတာကိုး။ ဒါနဲ့ပဲ မထူးပါဘူးလေ ပဲကြာဆံလည်း စားလို့ရတာပဲဆိုပြီး စားပစ်လိုက်တယ်။ ဆန်ကြာဆံအထုပ်ကလည်း အဲလိုပဲလေ.... တယောက်စာ အထုပ်လေးတွေ လုပ်ပေးထားတော့ အဲသည်အထုပ် ဝယ်ထားတာ ကျန်သေးတယ်ဆိုပြီး စိတ်ထဲစွဲနေတာမို့ စာသေချာမဖတ်တော့ပဲ ယူလုပ်ပစ်လိုက်တာ။ ပဲကြာဆံလည်း အဲလိုအထုပ်သေးလေးတွေ ရှိတယ်ဆိုတာ မေ့သွားတယ်။ အိမ်မှာက အထုပ်ကြီးလည်း ဝယ်သလို တခါစားအရွယ်လေးတွေ စီထည့်ထားတဲ့ အထုပ်လည်း ဝယ်ထားတယ်။ တခါတလေ ကြာဆံပြုတ်ချို ဘာညာလုပ်သောက်တဲ့အခါ အဲလိုအသေးလေးတွေက ယူရလွယ်တယ်။ နို့မို့ဆို များနေလို့ ခွဲတဲ့အခါ အကုန်ကျိုးကြေပြီး လွင့်စင်ပဲ့ကျကုန်တာ စိတ်ရှုပ်လို့။
ပဲကြာဆံနဲ့......
နောက်တခေါက်ကျမှ ဂျုံခေါက်ဆွဲဖတ်နဲ့....
ဆန်စေး ဆန်ပြား(ညှပ်ခေါက်ဆွဲဖတ်)နဲ့ ရေစိမ် ကတော့ အိမ်မှာ မဝယ်ထားဘူး။ ဆန်ခေါက်ဆွဲထဲမှာဆို မြီးရှည်ဖတ်တွေပဲ အရွယ်စုံဆိုက်စုံ ဝယ်ထားလေ့ရှိတာ။ နန်းသေး နန်းလတ် အစုံပေါ့။ နန်းကြီးကတော့ ဆားပြားမဝင်လို့ သိပ်မကြိုက်လို့ မဝယ်ဘူး။ မန္တလေးမုန့်တီနဲ့ မြီးရှည်အတွက်ဆို နန်းလတ်နဲ့၊ ရခိုင်မုန့်တီတို့ ဗမာအသုပ်တို့ အတွက်ဆို နန်းသေး မုန့်ဟင်းခါးဖတ်လေးတွေနဲ့ အဲလိုစားတယ်။ ကျန်တာတွေ မဝယ်ထားတော့ သည်ဟင်းနဲ့ လိုက်ဖက်တာဆိုလို့ ဂျုံခေါက်ဆွဲဖတ်နဲ့ မြီးရှည်ဖတ်ပဲ အိမ်မှာရှိတယ်။ ဂျုံခေါက်ဆွဲတော့ သည်တခေါက် သိပ်အာသီသ မရှိတာရယ်၊ မြီးရှည်ကလည်း ရေအရင် ကြိုတင်မစိမ်ထားရင် ပြုတ်ရတာ ကြာတာရယ်ကြောင့် အလွယ်တကူ ဆန်ကြာဆံဆိုပြီး လုပ်လိုက်မိတာလေ။
ချက်ဟင်းကတော့ လွယ်ပါတယ်.... ကြက်၊ ဝက် သို့မဟုတ် အမဲကြိတ်သား ကြိုက်ရာကို ကြက်သွန်ဖြူ ၊နီ၊ ဂျင်း(မထည့်လည်းရ) ၊ခရမ်းချဉ်သီး၊ Sambal Oelek ငရုတ်သီးအနှစ်ဖတ်၊ ပဲငပိ၊ ဆီတိုဖူးနဲ့ ရောပြီးချက်လိုက်တာပဲ။ (တရုတ်မဆလာနံ့ ကြိုက်ရင် ထည့်လို့လည်းရတယ်။) အရိုးပြုတ်ရည်ရှိရင် အရည်ဖျော်လုပ်စားလို့ရတယ်။ မရှိရင်လည်း အသုပ်ပဲပေါ့။ အရင်ကလည်း ရေးဖူးပါတယ် ပြန်ရှာတွေ့မှ လင့်ခ်ထည့်ပေးတော့မယ်။ အသားချည်း သတ်သတ်ချက်လည်းပဲ ငရုတ်ချဉ်၊ ပဲငပိနဲ့ ဆီတိုဖူးရည်ဖျော်ပြီး ထည့်စားတယ်ဆိုတော့လေ ခုလိုတခါတည်း ရောချက်လိုက်တာနဲ့ တူတူပါပဲ။ ကြက်သွန်ဖြူကြော်ကလည်း အာရှဆိုင်ကနေ ကြော်ပြီးသားဗူး ဝယ်လာတာ။ ဆီလေးချက်ပြီး သိပ်မပူခင် ကြက်သွန်ဖြူကြော် လောင်းထည့်လိုက်တာ မွှေးနေတာပဲ။ ကိုယ်တိုင်ကြော်ရင် ရှုပ်နေသေးတယ် အကြာကြီးလည်း ကြော်ရတယ်... ပြီးတော့ ကြာကြာလည်း မကြွပ်ဘူး။ ခုတော့ လိုသလောက် နည်းနည်းစီ ယူလုပ်ယုံပဲ။ ဆီပူအောင် တမိနစ်ပဲ စောင့်ရတယ် ကြက်သွန်ဖြူကို လောင်းထည့်လိုက်တာနဲ့ ချက်ချင်းချလို့ရပြီ။ ကြက်သွန်ဖြူလေးက ကြွပ်နေတာပဲ။ ဆီမလိုချင်လည်း ဗူးထဲကနေ သည်တိုင်းဖြူးစားလည်း ရပါတယ် ကြွပ်ပြီးသားပဲလေ။ အသားဟင်း တခါချက်ထားရင် မကုန်မချင်း ရှိသမျှခေါက်ဆွဲမျိုးစုံနဲ့ စားနေတော့တာ။ အချိန်ကုန်သက်သာတယ်။
မုန်ညင်းချဉ်ဘာညာတော့ မရှိလို့ မလုပ်တော့ဘူး။ တချို့ကတော့ ကြံမဆိုင်ဖတ်ကို အလွယ်တကူ အစားထိုးစားကြတယ်။ ကြံမဆိုင်ကို ထမင်းဟင်းနဲ့စားဖို့ပဲ ကြိုက်တယ် ဘဲပေါင်းကြံမဆိုင် ဝက်သားကြံမဆိုင် စသည်ဖြင့်။ ခေါက်ဆွဲနဲ့တွဲစားဖို့ ကျမကြိုက်တာကတော့ အမွှေးအကြိုင်တွေ ကြံသကာတွေနဲ့ လုပ်တဲ့ မုန်ညင်းချဉ် ဒါမှမဟုတ် မုန်ညင်းရေချဉ်ပါ။ အားလုံးကတော့ မုန်ညင်းကို အချဉ်တည်ထားကြတာတွေချည်းပဲ ဒါပေမယ့် မုန်ညင်းအမျိုးအစားနဲ့ အရသာက ကွာသွားတယ်။ ကျမကလည်း ဘာကိုဘာနဲ့ဆိုပြီး တွဲစားထားတာ အသားကျနေရင် တခြားဟာဆို အစားထိုးမခံစားတတ်ဘူး။ သူကတော့ ကျမကိုပြောတယ် conservative တဲ့။ အဲဒါတော့ မဟုတ်ပါဘူးနော်.... ပစ္စည်းတွေဆို ပြောင်းလဲသုံးစွဲရတာ ကြိုက်မှကြိုက်။
မုန်ညင်းရေချဉ်.... ဆိုင်တဆိုင်မှာ ရေစိမ်ခေါက်ဆွဲနဲ့စားဖို့ တွဲပေးတာ...