သည်ဖက်နိုင်ငံတွေမှာ ရဲတိုက်တွေကို ကြီးကြီးသေးသေး နေရာတော်တော်အနှံ့အပြားမှာ တွေ့ကြရတယ်။ ဟိုးတုန်းက တိုင်းပြည်တခုအဖြစ် မပေါင်းစည်းသေးပဲ မြို့စား နယ်စား ရွာစား စသဖြင့် ဘုရင်အငယ်စားလေးတွေလို ကိုယ့်နယ်နဲ့ကိုယ် အုပ်ချုပ်ခဲ့ကြတာ ဖြစ်မယ်။ သည်တော့လည်း အခုခေတ်မှာ သူငယ်ချင်းမိတ်ဆွေတွေ လာလည်ကြတဲ့အခါ ကိုယ်နေတဲ့နေရာနားမှာ ရဲတိုက်တခုခု ရှိတယ်ဆိုရင် လိုက်ပို့လိုက်ပြကြတာ လုပ်နေကျပဲ။ တခြားမြို့ရွာကို ကိုယ့်ဟာကိုယ် သွားလည်ရင်လည်း အဲသည်နေရာမှာ အထင်ကရ ရဲတိုက်တခုခု ရှိတယ်ဆိုရင် ရောက်သွားဖြစ်ကြတာပဲ။
သည်ရဲတိုက်နာမည်က Wartburg တဲ့.... (အပေါ်ဖက်က မျှော်စင်နေရာက ပြုပြင်နေလို့ ကာထားတာမို့ မလှမပဖြစ်နေတယ်...) တောင်ကမ်းပါးယံဖက်ကနေ မြင်ရတဲ့ မြင်ကွင်းပါ...

ဂျာမဏီနိုင်ငံ Thüringen ပြည်နယ်ရဲ့ Eisenach ဆိုတဲ့ မြို့မှာ တည်ရှိပါတယ်။ ၁၀၆၇ မှာ ဆောက်ခဲ့ပြီး ၁၉၉၉ ကတည်းက ယူနက်စ်ကိုကနေ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထိန်းသိမ်းထားခဲ့တယ်။ Martin Luther က ခရစ်ယာန်သမ္မာကျမ်းစာကို ဘုန်းကြီးတွေပဲ နားလည်တတ်ကျွမ်းတဲ့ (ရှေးဟောင်း ဟိဘရူး၊ ဂရိနဲ့ လက်တင်) ဘာသာတွေကနေ အားလုံး ဖတ်လို့ရအောင် ဂျာမန်ဘာသာကို ပြန်ဆိုခဲ့တုန်းက သည်ရဲတိုက်မှာ တိတ်တိတ်လေးပုန်းပြီး ပြန်ခဲ့ရတာတဲ့။ အဲသည်အရင်ကဆို ကျမ်းစာကို သာမန်လူတွေ မဖတ်တတ်တော့ နားလည်တဲ့သူတွေက ကျမ်းစာထဲမှာ ဘုရားသခင်က သည်လိုပြောခဲ့တာ ဟိုလိုပြောခဲ့တာ၊ ဒါလုပ်ရမယ် ဟိုဟာမလုပ်ရဘူး စသည်ဖြင့် ကိုယ်ပြောချင်သလိုပြောပြီး အမြတ်ထုတ်လို့ ရကြတယ်လေ။ အဲသည်တုန်းကဆို လူတွေက ဗဟုသုတကလည်းနည်း၊ တအားကို ဘာသာတရားကိုင်းရှိုင်းတော့ ဘာသာရေးမှိုင်းတိုက်ပြီး ဘုန်းကြီးတွေက ခြောက်စား လုပ်ခဲ့ကြတယ်ဆိုတာ အခုတီဗွီမှာ မှတ်တမ်းရုပ်ရှင်တွေ ရိုက်ပြီး ပြကြတာ မကြာခဏ ကြည့်ဖူးတယ်။ မာတင်လူသာက ကျမ်းစာထဲမှာ အမှန်တကယ် ဘာတွေရေးထားတယ်ဆိုတာ အားလုံးသိရအောင် ပြန်မယ်ဆိုတော့ မကျေနပ်တဲ့သူတွေက အများကြီးပေါ့။ သူတို့တွေ စားပေါက်ချောင်နေ အာဏာရနေတာ လွတ်ကုန်မှာ စိုးတယ်လေ။ ဒါကြောင့် ၁၅၂၁ မေလ ၄ရက်နေ့ကနေ ၁၅၂၂ မတ်လ ၁ရက်နေ့အထိ သူ သည်ရဲတိုက်မှာ ပုန်းပြီးနေခဲ့ရင်း ကျမ်းစာကို ဘာသာပြန်ခဲ့တယ်တဲ့။ တကယ်ဆို သူလည်း ဘုန်းကြီးပဲ... အခွင့်ထူးခံထဲမှာ ပါတာပဲ။ ဒါပေမယ့် သူတွေ့နေမြင်နေ ကြုံနေရတာတွေက ကျမ်းစာထဲမှာ ရေးထားတာတွေနဲ့ လွဲနေလို့ ခုလိုလုပ်ခဲ့တာ။ အဲသည်အချိန်က သည်မြို့ရဲ့ နယ်စားက သူ့ကို ကာကွယ်ပေးပြီး တိတ်တိတ်လက်ခံနေရာပေး ထားခဲ့တာလေ။ (သမိုင်းစာအုပ် မလှန်တော့ပဲ ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးသလောက် မှတ်မိသလောက်ပဲ ရေးထားတာပါ။)
သည်ကနေ လမ်းလျှောက်တက်လာတာ... တောင်စောင်းမှာ စားသောက်ဆိုင်လေး တခုရှိတယ်....

အပေါ်ကနေ Eisenach မြို့ကို လှမ်းမြင်ရတယ်....

အတွင်းဖက် ဝင်းထဲကို ဝင်သွားရင် ပင်မရဲတိုက်နဲ့ အခြားအဆောင်တွေပါ တွေ့ရမယ်.... အထဲမှာလည်း စားသောက်ဆိုင်တခု ရှိသေးတယ်...



ပြန်အထွက်....


