ဟင်းမရှိတဲ့အခါရယ်၊ ဟင်းနဲ့မစားချင်တဲ့ အခါမျိုးတွေရယ်မှာ စားဖြစ်ခဲ့သမျှ ထမင်းသုပ်လေးတွေကို တစုတစည်းထဲ ပေါင်းထားလိုက်တယ်။
ထမင်းသုပ်ထဲကို ပဲပုပ်အမှုန့် ထည့်သုပ်တာ သိပ်ကြိုက်လို့ ရှိရင်တော့ အမြဲထည့်သုပ်တယ်။ ကြက်သွန်နီကို ဆနွင်းများများနဲ့ ချက်ထားတဲ့ ဆီကျက်အဝါ၊ ငရုတ်သီးအရောင်တင်မှုန့်နဲ့ လုပ်ထားတဲ့ ဆီကျက်အနီရောင်၊ (ထမင်းကို ဆေးနီမှုန့်လေးနည်းနည်း ထည့်နယ်ရင်လည်းကောင်းတယ် နီနီလေး ရတယ်) ပဲမှုန့်၊ ပုစွန်ငံပြာရည်၊ ပုစွန်ခြောက်မှုန့် သို့မဟုတ် အကောင်လိုက် ထည့်ပြီး ရောသုပ်ထားတဲ့ ထမင်းသုပ်.... ကြက်သွန်ဖြူနဲ့ ကိုက်စားရင် ကောင်းမှကောင်း.....။ တချို့က မြေပဲလေးထည့်တယ်။ ကျမတော့ မထည့်ဖြစ်တာ များတယ်။

ပုန်းရည်ကြီးထမင်းသုပ်.... မြေပဲနဲ့ ကြက်သွန်ဖြူကြော် တင်ထားတာ.... ပုစွန်ခြောက်လည်း ပါတယ်...

ပုစွန်ထမင်းသုပ်.... ပဲပင်ပေါက်၊ ဂေါ်ဖီထုပ်၊ နံနံပင်၊ ခရမ်းချဉ်သီး စတာတွေ ထည့်ထားတယ်....

လက်ဖက်အညွန့်လေးတွေနဲ့ သုပ်ထားတဲ့ လက်ဖက်ထမင်းသုပ်.... အိမ်ကပြန်လာစဆိုရင် လက်ဖက်လေးနည်းနည်း ပါလာတတ်တယ်။ ဘာရယ်မဟုတ် ယူလာတာ။ တခါနှစ်ခါ လုပ်စားပြီးရင် မကုန်လို့ အမြဲပဲ ပစ်လိုက်ရတယ်။

ဒါကတော့ ပုစွန်ခြောက်နဲ့ပဲ ဆီကျက်ဆမ်းသုပ်ထားတဲ့ အရိုးဆုံး ထမင်းသုပ်.... ကြက်သွန်နီကြော်ရှိနေလို့ ဖြူးထားတာ... မုန်လာဥအနီလေးတွေက ကိုက်စားဖို့....

