ချိုမြိန်သော ဒီဇင်ဘာ တဲ့..... ဟုတ်ပါတယ် တကယ့်ကိုပဲ ချိုမြိန်ပါတယ် သည်လထဲမှာ အားလပ်ရက်တွေ ရှိနေတယ်လေ။ အားတော့လည်း ဟိုတွေးသည်တွေးနဲ့ တွေးဖြစ်တာလေးတွေကို ချရေးလိုက်တယ်....
အရင်ကဆို သူငယ်ချင်းမိတ်ဆွေဆိုရင် သည်လိုပဲ ပေါင်းလိုက်တာပဲ။ ဘယ်သူကတော့ ဘယ်လိုအကျင့် ဘယ်ဝါစိတ်ထားရှိတာ စသည်ဖြင့် မဆန်းစစ် မဝေဖန်တတ်ဘူး။ မိတ်ဆွေ သူငယ်ချင်းကြား ပြဿနာတခုခု ပေါ်လာခဲ့ရင်လည်း ဘာကြောင့်သည်လိုဖြစ်ရတာ ဆိုတဲ့အကြောင်းရင်းကို သိပ်မတွေးမိပြန်ဘူး။ ဘာပြဿနာဖြစ်တာလဲ ဆိုတာတော့ သိတာပေါ့လေ ဒါပေမယ့် အဲလိုဖြစ်ရတာ ကာယကံရှင်တွေရဲ့ မတူတဲ့စရိုက်တွေကြောင့်ဆိုတာ သိပ်ချဲ့မတွေးဖြစ်ခဲ့တာ။ ကိုယ့်ကိုသာ မထိခိုက်လာဘူးဆိုရင် လူတယောက်ကို ဝေဖန်တဲ့မျက်စေ့နဲ့ လုံးဝကို မကြည့်တတ်ခဲ့တာ။ ကြုံလာရင် ပေါင်း၊ လုံးဝပေါင်းလို့ မဖြစ်တော့တဲ့ အခါကျလည်း ခွာပေါ့။ ခေါင်းထဲ သိပ်ထည့်မထားဘူး။ ကိုယ့်ဟာနဲ့ကိုယ် အားလည်းမအားခဲ့သလို သိပ်လည်း ဂရုမစိုက်တတ်ခဲ့ဘူး။ ခုကျတော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ လမ်းကြောင်းကို တခါတခါပြန်တွေး ကြည့်မိတဲ့အခါ ပေါင်းသင်းဆက်ဆံ ပတ်သက်ခဲ့ရတဲ့ လူတွေကလည်း တွဲလို့ပါလာတတ်တယ်။ ဝေဖန်တဲ့မျက်စေ့နဲ့ ဆန်းစစ်ကြည့်မိတော့မှ ဖြစ်ဖြစ်ခဲ့သမျှမှာ ဘာကြောင့်သည်လို ဖြစ်ခဲ့ရတာ ဆိုတဲ့အကြောင်းရင်းတွေ၊ ကိုယ်ကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက် မှားခဲ့မှန်ခဲ့ပုံတွေ၊ ကိုယ့်နံဘေးနားက လူတွေရဲ့စိတ်ထားတွေ၊ ဖြစ်တတ်တဲ့ လူ့သဘော သဘာဝတွေကို ကွက်ကွက်ကွင်းကွင်း မြင်လာတယ်။ သူတပါးကိုပဲ လိုက်ဝေဖန်ပြီး ကိုယ်ဖြစ်စေချင်တဲ့ အမူအကျင့်မှသာ အမှန်လို့ ဆိုလိုချင်တာမျိုး မဟုတ်ဘဲ ဖြစ်ခဲ့သမျှတွေရဲ့ အကြောင်းရင်းမြစ်ကိုပဲ ဝေဖန်ဆန်းစစ်ကြည့်မိတာကို ပြောတာ။ အဲလိုနဲ့ လူတွေရဲ့ သဘောသဘာဝကို ဘယ်စာမှ ဖတ်နေစရာမလိုပဲ လက်တွေ့ကျကျ ကွက်ကွက်ကွင်းကွင်း မြင်လာမိတာ....။
လူတွေကတော့ အမျိုးမျိုး အဖုံဖုံပေမယ့် လူတိုင်းအနည်းနဲ့အများ ရှိတတ်ကြတာကတော့ မနာလိုစိတ်ကလေး...။ ဟုတ်တယ် အဲသည်စိတ်ကလေးက လူတိုင်းမှာ ရှိကြတယ် အနည်းအများပဲ ကွာတာ။ နည်းနည်းက ကိစ္စမရှိပါဘူး... များတဲ့သူတွေကျတော့ မျက်နှာမှာကိုက မလိုတမာစိတ်က ပေါ်နေတာ။ သူများကောင်းသတင်းဆို မကြားချင်ဘူး... ဆိုးတဲ့သတင်း ကြားရရင်တော့ အတွင်းစိတ်က ဝမ်းသာသွားပြီး အပြင်မျက်နှာကတော့ စိတ်မကောင်းဟန်လုပ် သူများကို ကိုယ်ထိလက်ရောက် ဖေးမတတ်တယ် ကူညီပေးတယ် လိုအပ်တာ သင်ကြားပြသပေးတယ်။ ကိုယ့်ထက်နိမ့်ကျနေရင် မုဒိတာ ပွားနိုင်ဖို့က သိပ်လွယ်တာ အဲ... ကိုယ့်ထက်များ သာမသွားနဲ့ အရင်က တည့်နေတဲ့သူတွေ မကြာခင် တခုမဟုတ်တခု ပြဿနာဖြစ်ပြီး လမ်းခွဲကြရတာပဲ။ အဲလိုတွေ ပတ်ဝန်းကျင်မှာ တွေ့နေရတာ အများကြီး။ အရင်တုန်းကတော့ သူတို့ပဲ နှစ်အိမ့်တအိမ် ကူးလူးလို့ ခုကျတော့ မခေါ်တော့ဘူး တဲ့။ တဖက်က မကောင်းကြောင်းတွေ မမေးဘဲနဲ့လာပြော... သူပြောတဲ့ တဖက်သားကို ကိုယ်ကလည်း မမြင်ဖူးပါဘူး... သူပြောလို့သာ ကြားဖူးနေတာ။ သူ တဘက်သတ် ပြောနေသမျှ အားလုံးအမှန်လို့တော့ တွက်လို့မရဘူး။ ရေရေရာရာ မသိဘဲ ဘယ်သူမှား ဘယ်သူမှန် ရမ်းသန်းဆုံးဖြတ်တာမျိုးကို ကျမ မကြိုက်ဘူး။
အဲသည် မနာလိုစိတ်က တော်တော်ခက်တယ်။ ပြောရရင် မနာလိုတာ ခံရတဲ့သူကလည်း ချမ်းသာလှ ရုပ်ချောလှ ပညာတတ်လှ အားလုံးအဖက်ဖက်က အရမ်းကို ပြည့်စုံမြင့်မား နေလွန်းလို့လည်း မဟုတ်ပါဘူး။ မနာလိုသူထက် တနေရာရာ တချက်ချက်မှာ နည်းနည်းလေး သာနေတာ တခုပါပဲ။ မနာလိုစိတ် လုံးဝကင်းတဲ့သူတွေလည်း ရှိကြပါတယ်။ အဲလိုဖြစ်နိုင်ဖို့က ကိုယ်ကိုယ်တိုင် ရောက်နေတဲ့ အခြေအနေတခုမှာ ကျေနပ်နေတဲ့သူ ဖြစ်ရမယ်။ ချမ်းသာတာ ဆင်းရဲတာကို ဆိုလိုတာမဟုတ်ဘူး... ကိုယ့်ရဲ့လက်ရှိဘဝကို ကျေနပ်တဲ့သူ ဖြစ်ရမယ်။ ကိုယ်ကိုယ်တိုင် ကျေနပ်ရောင့်ရဲနေမှသာ သူတပါးအပေါ် မနာလိုစိတ် ကင်းနိုင်မယ်။ မဟုတ်ရင်တော့ ကိုယ့်ထက်သာတယ်လို့ ထင်တာနဲ့ မနာလိုစိတ်က ချက်ချင်းကပ်ပါတာ။ ဥပမာ.... အသက်ကြီးကြီး ယောက်ျားတယောက်ကို လက်ထပ်ထားတဲ့ မိန်းမတယောက်ဟာ တခြားရွယ်တူတန်းတူ စုံတွဲတွေကို တွေ့တဲ့အခါ မနာလို၊ အိမ်ထောင်ရေးအဆင်မပြေတဲ့ မိန်းမက အဆင်ပြေသူတွေကို မနာလို၊ ပညာမတတ်သူက တတ်သူကို၊ ပညာနည်းနည်းတတ်သူက များများတတ်သူကို၊ ပိုက်ဆံမရှိသူက ကိုယ့်ထက်ပိုရှိသူကို၊ ရုပ်မလှသူက ကိုယ့်ထက်ပိုချော ပိုလှသူကို၊ လူရာမဝင်သူက လူရာဝင်သူကို အားလုံးလှည့်ပတ် မနာလိုနေကြတာ။ (သည်နေရာမှာ မိန်းမတွေလို့ သုံးရတာက မိန်းမအချင်းချင်း ကြားထဲမှာလို့ ဆိုလိုတဲ့သဘောပါ။ ယောက်ျားလေး အချင်းချင်းမှာလည်း မနာလိုတာ ရှိကြတာပဲ။ ယောက်ျားနဲ့မိန်းမကြားမှာတော့ သိပ်မတွေ့လိုဘူး။ အနည်းဆုံးတော့ ကိုယ်တွေ့မကြုံဖူးဘူး။ ရှိတော့ရှိမှာပါ။)
အဲလို မနာလိုတဲ့အခါ ဘယ်လိုဖြစ်သလဲဆိုတော့ ခုနကပြောသလို ပိုက်ဆံချမ်းသာတဲ့ အသက်နှစ်ဆလောက်ကြီးတဲ့ ယောက်ျားတယောက်ကို လက်ထပ်ထားတဲ့ မိန်းမတယောက်ဟာ အဲသည် အသက်ကွာတဲ့အပေါ်မှာ သူများတွေ တွေးမှာထင်မှာ၊ နောက်ကွယ်မှာတော့ အဲသည်ယောက်ျားကို ပိုက်ဆံရှိလို့သာ ယူထားတာပါ ဘာညာ.. ဆိုတာမျိုးကို ပြောဆိုနေကြမှာပဲ ဆိုတာကို သူ့စိတ်က ထင်နေတယ်။ မပြောလည်း ပြောတယ်လို့ပဲ ထင်နေတယ်။ သည်တော့ ဘာလုပ်လဲ.... အမျိုးသမီးသူငယ်အချင်းချင်း တွေ့တဲ့အခါ တခြား အကြောင်းအရာဖက်၊ သူအားသာရာဖက်ကို စကားဖွဲ့ စကားစပ်ပြီးပြောတယ်။ ဘာရှိတာ ဘာဝယ်တာ ဘာလုပ်တာ ဘယ်သွားတာ ယောက်ျားက သိပ်ချစ်ပြီး အကုန်ဘာမဆို ဖြည့်ဆည်းပေးတာ စသည်ဖြင့်....။ သူများမမေးလည်း အတင်းပဲပြောပြတယ်။ တခုတည်းသော အားနည်းချက်ကို တခြားဟာတွေနဲ့ ကွယ်ဝှက်ပစ်တယ်။ အဲသည်မှာ တခြားသူငယ်ချင်းအမျိုးသမီးတွေက အသက်အရွယ်တူညီ အိမ်ထောင်ဖက်တွေ ရထားပေမယ့် သူ့လောက် ပိုက်ဆံမရှိ၊ ပညာလည်း သူ့လောက်ပဲ သင်ခဲ့ရသူ ဒါမှမဟုတ် သူ့ထက် အတန်းနိမ့်ပဲ နေခဲ့ရတဲ့ သူတွေဆိုရင် အိုကေတယ် တည့်တယ်။ တယောက်ယောက်ကသာ သူ့လိုအားလုံးရှိတဲ့အပြင် ယောက်ျားလည်း ရွယ်တူသက်တူရသွားတယ် ဆိုတာသာ ဖြစ်သွားကြည့် မကြာခင် သူတို့ကြားထဲ ပြဿနာဖြစ်ပြီး မခေါ်မပြောနိုင် ဖြစ်သွားရော။
ကိုယ့်အားနည်းချက်က ရုပ်မလှတာ ဆိုရင်ရော.... ဒါဆိုရင် အားသာတဲ့ ပညာအပေါ် ဇောင်းပေးပြီး စကားရှာပြောမယ်လေ။ ကျောင်းအတွေ့အကြုံတွေ၊ စာမေးပွဲအကြောင်း၊ စာတွေခက်လိုက်တာ၊ ပရောဖက်ဆာက ဘယ်လို၊ ဆေမီနာအတွေ့အကြုံတွေ စသည်ဖြင့် သူများတွေ မကြားဖူးတဲ့ ဝေါဟာရတွေညှပ်ပြောမယ်။ ကိုယ့်အမှတ်ဘယ်လောက် ကောင်းကောင်းရတာ ထုတ်ပြောမယ်။ သူတို့ဘယ်လောက် ပိုက်ဆံရှိရှိ ရုပ်ချောချော အလယ်တန်းနဲ့ အထက်တန်းနဲ့ ကျောင်းထွက်ထားတဲ့သူတွေ၊ တက္ကသိုလ်တောင် မတက်ဖူးတဲ့ဟာတွေ၊ ရိုးရိုးဘွဲ့တခုပဲရတဲ့ဟာတွေ၊ ငါက မာစတာဘွဲ့၊ ဒေါက်တာဘွဲ့ စသည်ဖြင့်တွေးပြီး ကိုယ့်ကို တခြားဟာတွေနဲ့ လာကျောလို့မရအောင် သည်အကြောင်းကိုပဲ ဒလစပ်ပြောတော့တာ။
အဲလိုပဲ ရုပ်ရည်ရှိသူကျတော့လည်း ကိုယ့်လောက် မလှတာတွေနဲ့ဆို တည့်သလောက် ကိုယ့်ထက်လှတာဆိုရင် မခေါ်ချင် မပြောချင်ကြတော့ပြန်ဘူး။ လုံးဝမလှတဲ့၊ ကိုယ့်လောက် မလှတဲ့သူကိုဆို ဟယ် လှလိုက်တာ သိပ်လှတာပဲ... သည်အဝတ်လေးနဲ့ နင်နဲ့ သိပ်လိုက်တာပဲ... ဘယ်မှာဝယ်တာလဲ.... ဆံပင်ပုံလေးကရော ဘယ်ဆိုင်မှာလုပ်တာလဲ... အဲလိုတွေ လျှောက်မေး လျှောက်ပြောသလောက် တကယ်လှတဲ့သူ၊ ကိုယ့်ထက်လှတယ်လို့ ထင်တဲ့သူကိုဆို ချီးကျူးသံက ထွက်မလာတော့ဘူး။ (အစကတည်းက ရွှန်းရွှန်းဝေ စကားပြောလေ့ မရှိတဲ့သူတွေ ရှိကြပါတယ်။ သူတို့ကို မဆိုလိုဘူး။) ကိုယ့်ထက် နာတဲ့သူနဲ့ဆိုရင် မြှောက်ပြောတတ်သလောက် တကယ်သာတဲ့သူကျတော့ အမှန်ကိုတောင် ထုတ်မပြောနိုင်တော့ပဲ မနာလိုစိတ်ဝင်နေတာ။ အဲလိုဆိုရင် ခင်မိရင် ခဏပဲ... မကြာခင် ခွာပြဲတာပဲ။
လူ ဆိုတာကတော့ ကိုယ့်ထက်သာတာတွေ့ရင် ကောင်းလိုက်တာနော် ငါလည်း အဲလိုဖြစ်ချင်လိုက်တာ.... ငါ့ကျတော့ ဘာလို့အရာရာ ခက်ခဲကံဆိုးနေရတာလဲ ဆိုတဲ့စိတ်မျိုးတော့ ဝင်လာတတ်ကြတာပဲ။ သူသူငါငါ မနာလိုစိတ် နည်းနည်းလောက်တော့လည်း ရှိကြမှာပဲ။ ဒါပေမယ့် အဲလောက်နဲ့ ကိုယ့်စိတ်ထဲကိုယ် ရပ်မသွားပဲ တခြားသူကပါ မြင်သာလောက်တဲ့အထိ မနာလိုစိတ်ပွားများပြီး စကားမပြောနိုင် မဆိုနိုင်နဲ့ နောက်ပိုင်းမခေါ်မပြော ဖြစ်သွားကြတာမျိုးတော့ ဆိုးတာပေါ့။
ကိုယ့်ပတ်ဝန်းကျင်က ကြုံတွေ့ရသမျှ အဖြစ်အပျက်တွေရဲ့ အကြောင်းရင်းကို ရှာကြည့်လိုက်တော့ လူတွေရဲ့ ကွဲပြားခြားနားတဲ့ စရိုက်လေးတွေက ဆင်းသက်လာတဲ့ ဆုံးဖြတ်ချက်တွေကနေ မတူညီတဲ့ အကျိုးဆက်တွေ ဖြစ်လာတာ ဆိုတာကို တွေ့ရတယ်။ တော်တော်လည်း စိတ်ဝင်စားစရာကောင်းလို့ အရင်ကနဲ့ အခုလက်ရှိ အပေါင်းအသင်းတွေရဲ့ စိတ်ဓာတ်နဲ့ စရိုက်လေးတွေကို အချိန်ရတိုင်း ခွဲခြမ်းစိတ်ဖြာ ကြည့်မိတယ်။ မိဘဆွေမျိုးသားချင်း မကျန်၊ ကိုယ့်ကိုယ်ကိုလည်း သုံးသပ်ကြည့်မိတယ် ငါဟာ ဘယ်လိုလူစားမျိုးလည်း ဆိုတာ။ သုံးသပ်ကြည့်လေ ပေါ်လာလေ...။ အဲလိုအတွေးနယ် ချဲ့ရတာ ခုနောက်ပိုင်း စိတ်ဝင်စားလာတယ်။ အရင်က အဖြစ်အပျက်တွေ ပြဿနာဖြစ်ရတာတွေရဲ့ အကြောင်းရင်းတွေကို ကွက်ကွက်ကွင်းကွင်း တွေ့လာရတယ်။ အခုဆို လူသစ်တယောက်ယောက်နဲ့ အသိအကျွမ်းဖြစ်ခွင့် ကြုံရင်လည်း သတိထားကြည့်မိတဲ့အခါ ချက်ချင်းဆိုသလို ကိုယ်မကြိုက်နိုင်တဲ့ အကျင့်စရိုက်တွေ တွေ့လာရတတ်သလို ချက်ချင်းမတွေ့သေးရင်လည်း နောက်ပိုင်း ကိုယ်တွေးထင်ထားတဲ့ စရိုက်မျိုးအတိုင်း ဇာတိပြလာခဲ့တာမျိုးတွေ ကြုံလာရတယ်။ အရင်ကဆို အမှုမဲ့အမှတ်မဲ့ နေခဲ့တော့ ဒါတွေမသိခဲ့ဘူး။ ဖြစ်လာမှသာ ဖြစ်ရောပဲ။
နောက်ထပ်လည်း လူအမျိုးမျိုးအကြောင်း ကြုံသလို ရေးပါဦးမယ်။
Read More...
Summary only...