Saturday, January 21, 2012

ချင်းမိုင် (၁)

လေဆိပ်ကိုရောက်တော့ နေ့လည် ဆယ့်တစ်နာရီ ထိုးကာနီးလောက်။ လူဝင်မှုကြီးကြပ်ရေး ကောင်တာက အမြဲပဲ လူသိပ်များတာမို့ အရင်ရောက်အောင် အပြေးတပိုင်းသွားနေတဲ့ သူ့ခြေလှမ်းတွေကို အမီလိုက်ရတယ်။ အဲသည်နောက် အထုပ်အပိုးတွေ ရလာတာနဲ့ နဂိုကတည်းက အွန်လိုင်းကနေ ကားငှားထားတာမို့ လေဆိပ်က အဲသည်ကားကုမ္ပဏီ ကောင်တာကိုပဲ သွားလိုက်တယ်။ နာမည်ပြော၊ စစ်စရာရှိတာတွေ စစ်ပြီးတာနဲ့ ကောင်တာက အမျိုးသမီးက သူတို့ကုမ္ပဏီက ကားတစင်းပေါ် လိုက်တင်ပေးတယ်... ငှားထားတဲ့ကားရှိရာကို သည်ကားနဲ့ သွားယူရမှာတဲ့။ အဲသည်အမျိုးသမီး အရမ်းဖော်ရွေတယ်။ သည်မှာတော့ အားလုံးလိုလို သိပ်ဖော်ရွေကြတာပါပဲ။ ဘယ်သွားသွား ဘာလုပ်လုပ် သမားရိုးကျပဲ ဘာမှ ခက်ခက်ခဲခဲတွေ မရှိလို့ ခရီးသွားတွေ အလာများကြတာပေါ့။ ကားသွားယူရတဲ့ နေရာက လေဆိပ်နားမှာပါပဲ... သိပ်ကြာကြာမမောင်းရပဲ ရောက်သွားတယ်။ အဲသည်မှာ သူတို့ကားငှားတဲ့ အေဂျင်စီက ရုံးခန်းနဲ့ ကားတွေ ရှိတာပေါ့။ စာရွက်စာတမ်းတွေ တခါပြန်စစ်၊ လက်မှတ်ထိုးနဲ့ အဆုံးတော့ ကားတစင်း ရလာတယ်။ ငှားထားတဲ့အတိုင်း ကွက်တိပါပဲ။ တခါက ဖြစ်ဖူးတယ်... ကားအသေးငှားထားတာ အဲသည်ရက်မှာ သူတို့အဆင်ပြေတာ ထည့်ပေးတော့ ဖောဝှီးလ်ဒက်ဘာကဲပ်ကြီး ရလာဖူးတယ်။ ခုလည်း အဲလိုများ ဖြစ်မလားလို့ နည်းနည်း မျှော်လင့်ကြည့်မိတာ.... မဖြစ်ပါဘူး ငှားထားတဲ့အတိုင်း ကွက်တိပဲ တိုယိုတာကော်ရိုလာ အာလ်တစ် လေး.....
ကားပြင်ပ ပတ်ပတ်လည် ကိုယ်ထည် အနာအဆာတွေ စစ်ပြီး၊ ဓာတ်ဆီအပြည့် ပါမပါ စစ်ပြီးတာနဲ့ ခရီးစခဲ့ကြတယ်... နေ့လည် ၁၂နာရီလောက်ပေါ့...။ ဘန်ကောက်မြို့ထဲမဝင်ပဲ တခါတည်းပဲ မြောက်ဖက်ကို မောင်းခဲ့လိုက်တော့တယ်။ လမ်းမှာ ရေလွှမ်းမိုး ခံထားရတဲ့ အရိပ်အယောင်တွေ တွေ့ဦးမလား လိုက်ကြည့်မိတယ်။ ရေဝပ်နေတဲ့ လယ်ကွင်းတွေတော့ တွေ့တယ်... ရေမကျသေးတာလား သည်လိုပဲ စကတည်းက ရှိတာလား သေချာတော့ မသိဘူး။
မေ့ပြီး မြေပုံအကြီးကြီး မယူလာမိဘူး။ ခရီးသွားစာအုပ်က ပါတဲ့ မြေပုံ အတိုအစ အသေးလေးတွေနဲ့ပဲ စပ်ဟပ်ကြည့်ပြီး မောင်းကြတယ်။ ကားလမ်းပေါ်မှာကလည်း ဓာတ်ပုံရိုက်စရာ များများစားစားတော့ မရှိပါဘူး။
နေ့လည်စာကို လမ်းကဓာတ်ဆီဆိုင်တွေမှာ ရှိတတ်တဲ့ စားသောက်စရာဆိုင်တွေမှာ ပထမဆုံး အနပ်အဖြစ် ကွေ့တီယို စားဖြစ်တယ်။ သူက မစားဘူး... မဆာဘူးဆိုပြီး သူများခေါက်ဆွဲပဲ လာမြည်းတာ သူ့ပါးစပ်ထဲ တဝက်ရောက်ပဲ။ အဲဒါမှလည်း အတော်ပါပဲ... တယောက်တည်းဆို မကုန်တာက ခပ်များများမို့ ဘာစားစား အဖော်နဲ့တူတူပဲ စားချင်တယ်လေ။
ထိုင်းမှာ အဝေးပြေး ကားလမ်းမတလျှောက် ဓာတ်ဆီဆိုင်တွေနဲ့အတူ စားသောက်ဆိုင်တွေ၊ ၂၄နာရီဖွင့်တဲ့ စတိုးဆိုင်တွေ ပါဝင်တဲ့ ကားရပ်နားစရာ စခန်းတွေ အများကြီးရှိတာလည်း သိပ်သဘောကျတယ်။ အချိုရည်အေးအေး ရေအေးအေးလေး သောက်ချင်ရင် ရပ်ပြီး ဝယ်လိုက်ရုံပဲလေ။ အများကြီးလည်း ကြိုဝယ်ထားစရာမလိုဘူး။ ဗမာပြည်က အဝေးပြေးလမ်းမအသစ်ကြီးမှာ ကားရပ်နားစခန်း ဘာလို့ တနေရာတည်း လုပ်ထားပေးသလဲ မသိဘူး။ အမှန်ဆို နေရာအနှံ့ များများထားရမှာ။ နောက်ပြီး တခုတည်းနဲ့ အဲလောက်ကြီး ကြီးနေဖို့လည်း မလိုအပ်ပါဘူး။
နေဝင်ချိန်ကို ကားပေါ်ကပဲ.....
သွားမယ့်မြို့က ချင်းမိုင်... ဒါပေမယ့် သည်ညတော့ ဆူကိုထိုင်းမှာပဲ ညအိပ်ဖြစ်လိုက်ပါတယ်။ ဘန်ကောက်နဲ့ ဆူကိုထိုင်းက ကီလိုမီတာ ၄၅၀ လောက်ဝေးတယ်။ တည်းခိုခန်း ဝင်တာကိုက ည ၇နာရီ ရှိနေပြီ။ အခန်းရပြီးမှ ညစာပြန်ထွက်စားတယ်။ အရင်တုန်းက စားဖူးတဲ့ ဆိုင်လေးမှာပါပဲ။ ပိုင်ရှင်တွေ သိပ်သဘောကောင်းလို့ သွားစားတာ။
ကြိုက်လို့ အခွင့်ရတိုင်း မကြာခဏစားဖြစ်တာက ပဲကြာဆံသုပ်..... အစပ်လျှော့ခိုင်းထားတာ မဆိုးပါဘူး..။ ဆီလုံးဝမပါတဲ့ သည်လို သံပုရာရည်ရွှဲရွှဲနဲ့ အသုပ်မျိုးလေးတွေဆို သိပ်ကြိုက်တယ်...
သူက မိုးချုပ်နေလို့ ခေါက်ဆွဲပြုတ်ပဲ စားတော့မယ်တဲ့.... သူ့ခေါက်ဆွဲ လုံးဝစားမကောင်းဘူး...
ဒါနဲ့ ထမင်းနဲ့ ကြက်သီဟိုစေ့ ထပ်မှာစားပြန်ရော....
ခုနောက်ပိုင်းတော့ ဘယ်မှာတည်းတည်း အင်တာနက်ဖရီး ရနေကြပါပြီ။ အင်တာနက် သုံးချင်သူတွေ အဆင်ပြေတာပေါ့။ ပင်ပန်းတာနဲ့ ချက်ချင်းပဲ အိပ်ပစ်လိုက်တယ်။ မနက်ကျတော့ ကိုယ့်အချိန်က မိုးမလင်းသေးပေမယ့် သည်မှာက လင်းနေပြီမို့ အိပ်ရာထကြရတယ်။ သည်မှာက ဟိုကထက် အချိန်ပိုစောနေတယ် မဟုတ်လား။ ရေကူးကန် အဆင်သင့်တွေ့တာနဲ့ ရေဆင်းကူးကြသေးတယ်။ နေ့လည်ပဲဖြစ်နေပြီမို့ ခရီးမဆက်ခင် မနေ့က ညစာစားတဲ့ဆိုင်မှာပဲ ပြန်သွားစားလိုက်တယ်။
ဝက်ဘာစီလီကွန်၊ ကြက်သီဟို နဲ့ တုံယမ်ဟင်းရည်... ဟင်းရည်က စပ်မှာသိပေမယ့် သောက်ချင်လို့ မှာလိုက်တာ။ အစပ်တော့ လျှော့ခိုင်းတာပဲ ဒါပေမယ့် သိပ်လျှော့လို့လည်းရဟန် မတူပါဘူး။ အဖတ်တွေပဲ ဆယ်စားလိုက်တယ်လေ....
ဘန်ကောက်နဲ့ ချင်းမိုင်က ၇၀၀ ကီလိုမီတာလောက်ကွာတယ်။ ချင်းမိုင်ရောက်ကာနီးတော့ ကားလမ်းတွေ ပိုကောင်းလာတယ် အကျယ်ကြီး ဖြစ်လာတယ်။ အရင်လမ်းတွေလည်း ကောင်းတာပါပဲ ဗမာပြည်ကလမ်းနဲ့တော့ အပြတ်အသတ်ကွာတာပေါ့။ လမ်းတလျှောက် စားစရာဆိုင်လည်း သိပ်မတွေ့ဘူး... တွေ့လို့ ရပ်မိတော့လည်း ဆိုင်က ပိတ်နေပြီ... ညနေစာ ဆာလှပြီဆိုမှ။ မှောင်တောင်မှ မှောင်နေပြီလေ။ ဒါနဲ့ပဲ ချင်းမိုင်ဝင်ဝင်ချင်း ဘစ်ဂ်စီ စူပါမားကက်မှာ ကော်ရည်ခေါက်ဆွဲပဲ လွယ်လွယ်စားပစ်လိုက်တယ်။
ကြာဆံဖတ်နဲ့မို့ စားလိုက်တာ....
ယိုးဒယားမှာတခု အရမ်းသဘောကျတာက စျေးချိုတဲ့အစားသောက်တွေ ပေါများတာကိုပဲ။ ရွေးစရာတွေ အပြည့်ပဲ။ ကိုယ်ကလည်း တခါတည်းနဲ့ တခွန်တအား စားတတ်တဲ့သူ မဟုတ်... ဟိုနည်းနည်း သည်နည်းနည်းနဲ့ ခဏခဏ စားရတာ ကြိုက်တာလေ။ စျေးကြီးရင် မကိုက်ဘူးပေါ့။
ပြီးတော့မှ မက်ဒေါ်နယ်မှာ ကြက်တောင်ပံကြော်နဲ့ အာလူးကြော် ထပ်စားတယ်။ ဟိုမှာက ကြက်တောင်ပံမရောင်း အသားတွေပဲရောင်းလို့ သည်ရောက်မှ တောင်ပံစားမယ်ဆိုပြီး တေးထားတာလေ။ စားလိုက်တော့လည်း စပ်လိုက်တာ။ ယိုးဒယားမှာ တခုစိတ်ညစ်တာက ဘာစားစား စပ်နေတာကိုပဲ။ ကြက်တောင်ပံလည်း ဝသွားပါပြီ... သည်ခရီးစဉ်အတွင်းတော့ ထပ်စားဖြစ်မယ် မထင်တော့ဘူး။ စားပြီးမှ ဟိုတယ်လိုက်ရှာတယ်။ တည်းချင်တဲ့နေရာတွေ စာအုပ်ထဲက ဖတ်ထားပြီး လိုက်ရှာတာ အခန်းမရှိတော့တာနဲ့ဘာနဲ့၊ တချို့ကျတော့လည်း ရှာလို့ကို မတွေ့နိုင်ဘူး... နန်းတွင်းထဲက လမ်းကျဉ်းလေးတွေ ပတ်မောင်းနေရတာ တဝဲလည်လည်နဲ့။ တည်းချင်တာက နန်းတွင်းမြို့ရိုးထဲမှာဆိုတော့လေ။ မြို့ရိုးအပြင်ဖက်ဆိုရင် နောက်ပိုင်း လည်ချင်တဲ့နေရာတွေနဲ့ ဝေးမှာစိုးလို့။ မြို့ရိုးထဲမှာဆိုရင် လမ်းလျှောက်ရုံပဲ။ စိတ်ကြိုက် ရှာမတွေ့တဲ့အဆုံး မိုးကလည်း ချုပ်နေတာနဲ့ ရတဲ့ဟိုတယ်ပဲ ဝင်တည်းလိုက်တယ်... နောက်နေ့မှ ထပ်ရှာတော့မယ်။