Tuesday, January 31, 2012

ချင်းမိုင် (၃)

ချင်းမိုင် ရောက်ကတည်းက မမောင်းပဲ ရပ်ထားတဲ့ကားကိုထုတ်၊ ခရီးဆောင်အိတ်တွေကို တင်.... ဟိုတယ်ပြောင်းမယ်လေ။ ဟိုတယ်အသစ်က ဖွင့်တာတလပဲ ရှိသေးတာတဲ့... အသစ်စက်စက်ကလေး။ မြို့ရိုးထဲလည်းဖြစ်၊ အသစ်မို့ မိတ်ခေါ်တာ လားတော့မသိ ရှိသင့်တဲ့စျေးနှုန်းထက် သက်သာနေ၊ သွားလည်စရာ နေရာတွေနဲ့လည်း လမ်းလျှောက်လို့အဆင်ပြေတော့ ဘာလိုသေးလည်း။ အခန်းတိုင်းတောင် လူမပြည့်သေးဘူး။ အခန်းသစ်မှာ ပစ္စည်းတွေ နေရာချပြီးတော့မှ Mae Nam Ping မဲနန်ပင် မြစ်ထဲ မော်တော်စီးဖို့ ထွက်လာကြပါတယ်။
မော်တော်တွေပြေးတဲ့ ကုမ္ပဏီနှစ်ခုရှိတယ်... တခုက မြစ်အောက်ဖက်၊ တခုက မြစ်အပေါ်ဖက်မှာ။ ဟိုတယ်ကလည်း အလယ်တည့်တည့်လောက်မှာဆိုတော့ ဘယ်ဟာကမှ ပိုမနီးဘူး ဖြစ်နေတယ်။ နို့မို့ဆို ပိုနီးတဲ့တခု ရွေးမလို့။ ကဲကွာ.... ရှုပ်တယ်... ခရီးသွားစာအုပ်ထဲမှာ အရင်ချရေးထားတဲ့ နာမည်ပဲ ရွေးလိုက်မယ်။ ဖုန်းနဲ့ ဘွတ်ကင်လှမ်းလုပ်ရင် မော်တော်အေဂျင်စီက ဟိုတယ်မှာ လာကြိုပေးတယ်ဆိုပေမယ့် ကားရှိတာပဲဆိုပြီး ဘွတ်ကင်မလုပ်ပဲ သည်တိုင်းသွားမယ်ဆိုပြီး ကားမောင်းသွားလိုက်တယ်။ ကုမ္ပဏီနေရာက ဘုရားဝင်းတခုထဲမှာ ကွယ်နေလို့ မမြင်ပဲ ကျော်တက်သွားပြီးမှ နောက်မှ နောက်ပြန်လှည့်ပြီးရှာတာ တွေ့သွားပါတယ်။ အဲဒါက သူ တော်လို့ပါ။ သူက နေရာအသစ်တခုခုမှာ ကားမောင်းပြီဆိုရင် အရမ်းကို တက်ကြွနေတာ သားကောင်အနံ့ရတဲ့ မုဆိုးလိုပဲ။ ဘယ်နေရာဖြစ်ဖြစ် မတွေ့တွေ့အောင် ရှာနိုင်တယ်... လမ်းမှားတာ ပျောက်တာ မရှိစေရ။ သူ့ကို ကိုယ်က နာမည်ပေးထားတယ် ဂျပိုးလေး လို့လေ.... အခုလည်း ချင်းမိုင်ကြမ်းပိုးပေါ့...။
မြစ်ကြောင်းကို ဆန်တက်ပြီး မော်တော်မောင်းလာတယ်။ မြစ်ရေကတော့ နောက်ကျိနေတာပဲ။ ရေကြီးထားတဲ့ အရှိန်ကြောင့်လည်း ဖြစ်မှာပါ။ တချို့နေရာမှာဆို အဲသည်တုန်းက တင်ကျန်နေခဲ့တဲ့ အမှိုက်တွေကို တွေ့နေရတုန်းပဲ။ မော်တော်က လူမစောင့်ပဲ နှစ်ယောက်တည်းနဲ့ တစင်းပို့ပေးတယ်။ လက်မှတ်က တယောက်ကို ၄၅၀ဘတ် ။ မော်တော်မောင်းသမားကလည်း လမ်းမှာ ဘာတွေလည်းမသိ ရှင်းပြပါတယ်... ဘာမှတော့ နားမလည်ဘူး။ မြို့ထဲဖက်လွန်တော့ ကမ်းပေါ်မှာ အိမ်လှလှလေးတွေ ဆောက်ထားတာမျိုးတွေ တွေ့ရတယ်။ အဲလို မြစ်ကမ်းနံဘေးက အိမ်လေးတွေမှာ နေချင်လိုက်တာ။ တချို့အိမ်တွေက မြစ်ဘေးက စားသောက်ဆိုင် လှလှလေးတွေပါ။
တနေရာမှာ မော်တော်ကမ်းကပ်တယ်.....
စာအုပ်ထဲမှာရေးထားတာက အသီးအနှံစိုက်ထားတဲ့ ခြံတခုကိုရောက်မယ်၊ အသီးစားရမယ်၊ အသီးဖျော်ရည် သောက်ရမယ်၊ စိုက်ခင်းကြည့်ရမယ် ဆိုတော့လေ မိုးကောင်းကင်အောက်က တောင်ယာခင်းလိုမျိုး မှတ်နေတာ ခုတော့ အမိုးမိုးထားတဲ့ တဲကြီးတလုံးအောက်က စိုက်ခင်းလေးတွေ ဖြစ်နေပါလား။ ထိုင်းမှာပေါက်ရောက်တဲ့ သီးပင်စားပင်တွေ နည်းနည်းစီ တနေရာတည်းမှာ စိုက်ထားတာ။ မော်တော်မောင်းသမားကလည်း ဘာပင် ဘာပင်ဆိုတာ ရှင်းပြပါတယ်။ သူပြတိုင်း လိုက်ကြည့်ချင်စိတ် မရှိတာနဲ့ (တောင်ယာခင်းအစစ် မဟုတ်လို့ စိတ်ကုန်နေတာရောမို့) ငါတို့ဆီမှာ အားလုံးရှိတယ် ငါသိတယ်.... လို့ပဲ ပြောလိုက်တော့တယ်။
ဖရဲသီးနဲ့ နာနတ်သီး ကျွေးတယ်.... မန်ကျည်းဖျော်ရည်ကတော့ အရသာမရှိလို့ ဓာတ်ပုံ မရိုက်တော့ဘူး....
သည်နေရာမျိုးလေးတွေမှာ ထိုင်စားလို့ရအောင် လုပ်ထားပေးတယ်လေ....
ခဏနားပြီး အလာလမ်းကို ပြန်မောင်းခဲ့ကြတယ်။ စုစုပေါင်း ၂နာရီလောက်တော့ ကြာသွားတာပေါ့။ ကိုယ့်မျက်နှာရိပ်မျက်နှာကဲက စိုက်ခင်းအတုကို မြင်ရကတည်းက မကြည်ဖြစ်နေတာ သူသိတယ်။ သူကတော့ ဉာဏ်ကြီးရှင်မို့ သက်သာရာ ရသွားတယ် ဆိုတဲ့ အပြုံးနဲ့ ကိုယ့်ကို လိုက်စပြီး ပြုံးကြည့်နေတယ်။ သူသာ သည်ခရီးကို လာဖို့ အကြံပေးမိရင် ခုချိန် သူနားပူနေပြီလေ။ ခုတော့ ကိုယ်ကရွေးခဲ့တာဆိုတော့ သူ့ကို ဂျီကျလို့ မရတော့ဘူး။
သည်နေ့မနက်က ဟိုတယ်အဟောင်းက မနက်စာပေါင်မုန့် စားခဲ့တာ။ နေ့လည်စာကိုတော့ မော်တော်ခရီးစဉ်ပြီးမှ မြို့ရိုးအရှေ့ဖက်ခြမ်းက မက္ကစီကန် စားသောက်ဆိုင်မှာ သွားစားကြတယ်။
မက္ကစီကန်ဆိုင်ဘေးက ဗမာဆိုင်... မနေ့က တွေ့ခဲ့တဲ့ဆိုင်ပေါ့.....
အစက ဗမာစာ စားမလို့ပဲ။ ဒါပေမယ့် နောက်တော့ မက္ကဆီကန်ဆိုင်ပဲ ဖြစ်သွားတယ်။ ထုံးစံအတိုင်း တပွဲမှာပြီး နှစ်ယောက်စားတယ်။ ကောင်းမကောင်း မြည်းကြည့်တာလေ။ အဲလိုအစားအသောက်တွေက အာရှမှာဆို မကောင်းတတ်ဘူး။ နှစ်ပွဲမှာပြီး မကောင်းရင် နှမြောစရာကြီး။
ရှေ့ပြေး... ခရမ်းချဉ်သီးဆော့စ် ကောင်းတယ်... မက္ကစီကန်တွေလည်း အစပ်စားကြတယ်....
အရသာက သိပ်သဘောအကျကြီး မဟုတ်ပေမယ့် သူကတော့ မဆိုးပါဘူးလို့ ဆိုတယ်...
စားလို့ဖြစ်တယ်ဆိုတော့ မဝသေးတာနဲ့ နောက်တမျိုး ထပ်မှာလိုက်တာမှာ အများကြီးမို့ရယ်၊ ချိစ်တွေပါတဲ့ အီတဲ့အစားအစာမို့ရယ် မကုန်တော့ဘူး ဖြစ်သွားတယ်... အမှန်က သည် ဒုတိယမှာတဲ့ပွဲကို ခုနက အရင်မှာလိုက်မိရင် တပွဲတည်းနဲ့ နှစ်ယောက်ဝတယ်။ မှာတာ မှားသွားတာ....
ဟိုတယ်မှာ ပြန်လာနားနေပြီ ညကျမှ စနေနေ့ စျေးတန်း သွားလျှောက်ကြတယ်။ နန်းတွင်းထဲ တောင်ဖက်ပိုင်းလောက် ကျတာပေါ့။ ညနေလေးနာရီကနေ သန်းခေါင်အထိ ဖွင့်တာ။ တနင်္ဂနွေစျေးလောက်တော့ မကြီးဘူး။ ရတဲ့ပစ္စည်းတွေကတော့ ဆင်ဆင်တွေပါပဲ။ ချည်ဘောင်းဘီ တထည် ဝယ်တယ်။ လက်ဆောင်ပေးဖို့ ကြိမ်နဲ့လုပ်ထားတဲ့ လွယ်တဲ့အိတ်ကလေး တလုံး ဝယ်တယ်.... ၂၅၀ဘတ်တဲ့။ ပြီးတော့ ဟိုတယ်အပြန်လမ်းမှာ အနှိပ်သွားခံကြတယ်။ သည်နေ့နှိပ်တဲ့နေရာ မဆိုးဘူး။ သူက ယောက်ျားလေး၊ ကိုယ်က မိန်းကလေး အနှိပ်သည်ရတယ်။ နှစ်ယောက်လုံး တော်တယ်။ နောက်နေ့လည်း သည်ကိုပဲ ထပ်သွားမယ်။