Sunday, February 26, 2012

ချိစ်ဝက်သားပြား

မနေ့က စျေးသွားတော့ ဝက်သားပြားနုနုလေးတွေ တွေ့လို့ ဝယ်လာခဲ့လိုက်တယ်။ ခုတလော အာရှပုံစံတွေ ချက်စားဖြစ်နေရာက အပြောင်းအလွဲလေးအဖြစ် Käse Schnitzel ချိစ်ဝက်သားပြား ချက်မယ်လို့ စိတ်ကူးလိုက်တယ်လေ။ အသီးအရွက်အတွက် ဆူခိနီရယ်၊ ချယ်ရီခရမ်းချဉ်သီး သေးသေးလေးတွေပေါ့။ ဒါနဲ့ သည်နေ့ ချက်ဖြစ်သွားတယ်။
ဆူခိနီကို သန့်စင်လှီးဖြတ်ထား၊ ကြက်သွန်နီကို လေးစိတ် မကြီးမသေးလေးတွေ လှီးထားပြီး ခဏဘေးဖယ်ထားလိုက်တယ်။ ဆားနည်းနည်း၊ ငရုတ်ကောင်းနဲ့ နယ်ထားတဲ့ ဝက်သားပြားတွေကို (ခဏလေးနဲ့ ကျက်အောင် မိနစ်ပိုင်းလေးနဲ့တင် အမြန်ကျက်တဲ့ Minutensteak ကို သုံးတယ်) ဆီ ထမင်းစားဇွန်း နှစ်ဇွန်းလောက်ထည့်ထားတဲ့ ဒယ်အိုးထဲမှာ နီယောင်သမ်းတဲ့အထိ မီးပြင်းပြင်းတိုက်တယ်။ နှစ်ယောက်စာကို သုံးပြားပဲ လုပ်လိုက်တယ်။ ရရင် ဆယ်လိုက်ပြီး Oven ထဲထည့်ဖုတ်မယ့် ဗန်း သို့မဟုတ် စဉ့်ပန်းကန်ထဲ ထည့်ပြီး အသားတပြားစီရဲ့ အပေါ်မှာ ဝက်ဆားနယ်ခြောက် တပြားစီတင်တယ်... အပေါ်ကနေ ချိစ်အမာ Tiroler Bergkäse ရဲ့ အမှုန့်ဖြူးလိုက်တယ်။ ၂၀၀ ဒီဂရီစင်တီဂရိတ်လောက် ကြိုတင်အပူပေးထားတဲ့ Oven ထဲမှာ အပေါ်မီးအောက်မီးနဲ့ ဆယ်မိနစ်လောက် ထားလိုက်တယ်။ ချိစ်တွေ အရည်ပျော်ပြီး ကြွပ်လာရင်၊ ဝက်ဆားနယ်ခြောက်လည်း အရောင်ပြောင်းလို့ ကျက်သွားရင် ရပါပြီ။
အဲလို Oven ကို ပစ်ထားတုန်း ခုနက အသားကြော်ထားတဲ့ ဒယ်အိုးထဲကို ကြက်သွန်နီလှီးထားတာ ထည့်မွှေ (ဆီထပ်မထည့်တော့ဘူး)၊ ခရမ်းချဉ်သီးလေးတွေ နှစ်ခြမ်းခြမ်းထားတာထည့်၊ ဆူခိနီထည့်၊ အရသာနဲ့ အရည်အတွက် Brühe / Broth လေး နည်းနည်းထည့်တယ်။ ဆူခိနီက ခဏလေးဆိုရပြီ။ Thymian / thyme အခြောက်ကိုလည်း နည်းနည်း ဖြူးလိုက်သေးတယ်။ မွှေးတာပေါ့။ Oven ထဲက အသားကျက်ရင် ထုတ်ပြီး ပန်းကန်ထဲ တခုစီထည့်... ဘေးနားမှာ အသီးအရွက်လေးတွေ ပုံလိုက်တော့ စားလို့ရပြီပေါ့။ ဆူခိနီအစား ဘိုစားပဲသီးတို့ ဘာတို့ သုံးလည်းရတယ်။