Mohnkuchen ဘိန်းစေ့ကိတ်မုန့်လေး လုပ်စားထားတာ တော်တော်ကြာပြီ။ အဲသည်တုန်းက မုန့်လည်း ဖုတ်စားချင် ပစ္စည်းပစ္စယလည်း ဘာမှ အသစ်ထပ်မဝယ်ချင်တာနဲ့ အိမ်မှာရှိတာနဲ့ ဘာလုပ်နိုင်မလဲ စဉ်းစားလိုက်တာ သည်မုန့်ဖုတ်ဖြစ်သွားတယ်။ စာအုပ်ထဲကနည်းက မုန့်ဖုတ်ခွက်အချင်း စင်တီမီတာ ၂၀ အတွက် တဲ့။ အိမ်မှာရှိတာက ၂၄စင်တီမီတာ။ မတတ်နိုင်ဘူး... နည်းတွေကလည်း အမျိုးမျိုး အတိုင်းအတာတွေကလည်း တနည်းကို တမျိုးစီနဲ့...ကိုယ်ကလည်း အဲလောက်ကြီးလည်း မုန့်ဖုတ်ဗန်းတွေ အမျိုးမျိုး လိုက်မဝယ်ထားနိုင်ဘူး... မုန့်အချိုးအဆကလည်း ဗန်းနဲ့ကိုက်အောင်ဆိုပြီး ကိုယ့်ဟာကိုယ် ပိုမထည့်တတ်ဘူးလေ။ သည်တော့ ရှိတာနဲ့ပဲ လုပ်မယ်... မုန့်ကို ပါးပါးလေးရအောင် ဖြန့်ခင်းမယ်ဆိုပြီး လုပ်လိုက်တယ်။ တကယ်ထွက်လာတော့ အပေါ်ယံသားလေးပါးလို့ မီးနည်းနည်း နီသွားတယ်။
ပါးပါးလေးနော်....

အထပ်လေးတွေ မြင်အောင်....

လုပ်နည်းကတော့ မုန့်သားအတွက်လိုတာက.......
ထောပတ် ၁၅၀ ဂရမ်၊ သကြား ထမင်းစားဇွန်း မောက်မောက် သုံးဇွန်း၊ ဆားနည်းနည်း၊ ကြက်ဥကြီးကြီး တလုံး၊ ဂျုံ ၂၀၀ဂရမ်၊ ဘိန်းစေ့နည်းနည်း အပေါ်က ဖြူးဖို့။
အဆာအတွက်က ကြိတ်ထားတဲ့ ဘိန်းစေ့ ၁၄၀ ဂရမ်၊ နွားနို့ ၉၀ ml ၊ သကြား ၁၂၄ ဂရမ်၊ ချောကလက်ခြစ်ထားတာ ၅၀ ဂရမ်၊ စပျစ်သီးခြောက် ၅၀ ဂရမ်၊ သံပရိုသီးခွံ ခြစ်ထား သို့မဟုတ် တောက်တောက်စင်းထားတာ ၅၀ ဂရမ်လောက်၊ ဗာဒံသီးစေ့ ကြိတ်ထားတာ ၅၀ ဂရမ်၊ ကြက်ဥကြီးကြီး တလုံးနဲ့ သကြားအမှုန့် ထမင်းစားဇွန်း တဇွန်း တို့ လိုပါတယ်။
မုန့်သားအတွက် လုပ်ရမှာက ထောပတ်၊ သကြားနဲ့ ဆားတို့ကို ဇလုံတခုထဲ ရောထည့်နယ်လိုက်ပါ။ ကြက်ဥထည့်နယ်ပါ။ ပြီးရင် ဂျုံနဲ့ ရေအေး ထမင်းစားဇွန်း တဇွန်းလောက် ထည့်နယ်ပါ။ ရလာတဲ့ ဂျုံသားအလုံးလိုက်ကို ပလစ်စတစ် အကြည်နဲ့အုပ်ပြီး ရေခဲသတ္တာထဲမှာ တနာရီလောက် ထားလိုက်ပါ။
အထဲထည့်ဖို့ အဆာအတွက်က ဘိန်းစေ့နဲ့ နွားနို့ကို အိုးတခုထဲထည့်ပြီး အပူပေးပါ။ နှစ်မိနစ်လောက်ပဲ ချက်ရင် ရပါပြီ။ အိုးကို မီးဖိုပေါ်က ချပြီးမှ သကြား၊ ချောကလက်၊ စပျစ်သီးခြောက်၊ သံပုရိုသီးခွံနဲ့ ဗာဒံသီးတို့ကို ထည့်ပါ။ ကြက်ဥကို ခွက်တခုထဲမှာ သတ်သတ်ခေါက်ပြီး လက်ဖက်ရည်တဇွန်းစာလောက် ဖယ်ထားလိုက်ပြီးမှ ကျန်တာကို အိုးထဲက အရောအနှောထဲ ထည့်လိုက်ပါ။ Oven ကို ၁၇၅ ဒီဂရီစင်တီဂရိတ်နဲ့ ကြိုတင်အပူပေးထားပါ။
ဂျုံသားရရင် ဒလိမ့်တုံးနဲ့ လှိမ့်ပြီး အချင်း ၂၀စင်တီမီတာရှိတဲ့ အဝိုင်းပုံ လေးခုရအောင် လုပ်ပါမယ်။ မုန့်ဖုတ်မယ့် ဗန်းအဝိုင်းနဲ့ တိုင်းပြီး ဖိပေးလိုက်ရုံပါပဲ။ အဲဒါရရင် ပထမဆုံးတလွှာကို မုန့်ဗန်းထဲခင်းပါ။ ခက်ရင်းနဲ့ အပေါက်ကလေးတွေ ထိုးဖောက်ပေးပါ။ အဆာအတွက် လုပ်ထားတာကို သုံးပုံခွဲပြီး တပုံကို ဂျုံသားပေါ် ဖြန့်ခင်းပေးပါ။ အဲသည်ပေါ်ကို ဒုတိယဂျုံသားလွှာ ပြန်ထပ်၊ အဆာတထပ်ပြန်ခင်း.... စသည်ဖြင့် အဆာသုံးလွှာနဲ့ ဂျုံသား လေးလွှာ အဆင့်ဆင့် ခင်းလိုက်ပါ။ အပေါ်ဆုံးက ဂျုံသားကို ခုနက ချန်ထားတဲ့ ကြက်ဥခေါက်ထားတဲ့ဟာနဲ့ သုတ်ပေးလိုက်ပါ။
ကိတ်ကို ၄၅ မိနစ်လောက် ဖုတ်ရပါမယ်။ အပေါ်ယံ ရွှေညိုရောင်လေး သမ်းလာရင် ရပါပြီ။ အပေါ်ကနေ ဘိန်စေ့လေးတွေ ထပ်ဖြူးပေးလိုက်ပါ။ အအေးခံပြီးရင် စားနိုင်ပါပြီ။
