ခုနောက်ပိုင်းတော့ သည်မှာ နွေးလာပါပြီ။ ဟိုးတလောတုန်းကလိုမျိုး အနှုတ် ၁၅... ၂၀ တွေ မဖြစ်တော့ဘူး။ မနေ့ကဆို အပေါင်း ၁၁ လောက်တောင်မှ ရှိတယ်။ နောက်အပတ်ထဲတော့ နည်းနည်း ပြန်အေးမယ်.... အပေါင်း ၄... ၅... ၆ လောက်ပါပဲ။ အနှုတ်တော့ မဖြစ်လောက်တော့ပါဘူး။ နွေဦးရာသီလေး စစေချင်နေပြီ။ နွေဆို လင်းလင်းကျင်းကျင်းမို့ လည်ရပတ်ရတာ အပြင်ထွက်ရတာ ကောင်းသလို အိမ်တံခါးတွေ ဖွင့်ထားလို့ရတော့ နံတဲ့ဟင်းမျိုး ချက်ရတာလည်း ကောင်းတယ်။ ဗမာပြည်ပဲ ကောင်းတယ်... ဆယ့်နှစ်ရာသီ ချက်ချင်တာ ချက်လို့ရတယ်။ အိမ်နီးချင်းကိုလည်း ငါးပိကြော်မို့လို့ နံမှာစိုးပြီး အားနာစရာ မလိုဘူး။ ဟိုဖက်အိမ်က ငါးပိရည်ကျိုအနံ့ သည်ဖက်က ရရင်တောင်မှ မွှေးလိုက်တာ ဗိုက်ဆာလာပြီ လို့ ပြောကြတာ မဟုတ်လား။ လောလောဆယ် စားချင်တာတွေ မချက်ဖြစ်သေးဘူးဆိုတော့ ကြိုက်မြဲကြိုက်ဆဲ အမေ့ဟင်းလေးတွေကိုပဲ အမှတ်တရ တင်လိုက်တယ်။ အခုတင်တဲ့ ဟင်းစပ်မျိုးဆို ကျမရဲ့ ဖေးဘရိတ်... သိပ်ထမင်းမြိန်တာ...။ အသားကြီးငါးကြီး လုံးဝ မလိုတော့ဘူး...။
ငါးပိချက် (စိမ်းစားငါးပိကို ပြောတာ မဟုတ်၊ ငါးပိတစ်ချက်ကို ပြောတာ)... ခဝဲသီးနဲ့ပဲကြာဆံကြော်၊ ကုလားပဲဟင်း၊ သရက်ကင်းတို့...

ငါးပိတစ်ကို ခုလို ခရမ်းချဉ်သီးနဲ့ အရည်စပ်စပ်လေးချက်တာ သိပ်ကြိုက်တာပဲ...။ ငါးပိတလိန်းထိုး ချက်တာဆို ပိုတောင်ကြိုက်သေး။ ခရမ်းချဉ်သီးဖတ်တွေ လိပ်ခြောက်နေတဲ့အထိ ဆီပြန်အနှစ်ခြောက်ခြောက် ချက်ထားတာမျိုးကို ခေါ်တာလေ။ အတို့အမြှုပ်နဲ့ဆို ခုလို အရည်စပ်စပ်လေး ချက်တယ်။ ဆီလည်း သိပ်သုံးစရာ မလိုတော့ဘူးပေါ့။ ငါးပိရည်ကျိုထက် ငံပြာရည်ချက်၊ ငါးပိတစ်ချက်တွေကို အိမ်မှာ အစားများတယ်။
ငါးပိတစ်ချက် ငရုတ်သီးစိမ်းအုပ်... သည်လိုငရုတ်သီးစိမ်း မနွမ်းတနွမ်းလေးကို ကိုက်စားရတာ ကြိုက်ပါတယ်။ ငရုတ်သီးစိမ်းတောင့်ရှည်က သိပ်မစပ်ဘဲ မွှေးလို့ ပိုကြိုက်တယ်...

ငါးပိတလိန်းထိုး... ငါးမြင်းငါးပိတစ်လား ငါးဘတ်လားတော့ မမှတ်မိတော့ဘူး...

ခဝဲသီးပဲကြာဆံ.... ငပိချက်နဲ့ လိုက်ဖက်တယ်လို့ ထင်တယ်...

သရက်ကင်းလေးတွေက သူ့အချိန် မဟုတ်ဘဲနဲ့တောင် စားနေရတယ်....

ကုလားပဲဟင်းကတော့ သူကြိုက်လို့... ကျမအတွက်ဆို အပေါ်ကဟင်းနဲ့တင် ရနေပြီ....။ ကုလားပဲကို ကြက်သွန်နီကြော်တွေ အုပ်ထားတော့ အရမ်းမွှေးတယ်....

