Wat Phra Singh အထဲဖက်....
လမ်းမှာတွေ့တဲ့ ခေါက်ဆွဲပဲ ဝင်စားလိုက်တာ....။ ပထမနေ့က ခေါက်ဆွဲလောက်တော့ မကောင်းဘူး... စားလို့တော့ ရပါတယ်...
စားပြီးခရီးဆက်တယ်။ ထုံးစံအတိုင်း ကိုယ်က မြေပုံကြည့် သူက ကားမောင်း....။ San Pa Thong ဆိုတဲ့မြို့ လမ်းဆုံရောက်တော့ ညာဖက်ချိုးပေါ့။ တောင်ပေါ်လမ်းဆိုတော့ နှစ်လမ်းသွား ခပ်ကျဉ်းကျဉ်းပဲ။ ကျဉ်းပေမယ့် ကားနှစ်စီး လွတ်လွတ်လပ်လပ် ရှောင်လို့ရတယ်၊ ကတ္တရာလည်း ခင်းထားတာ ချောလို့ပဲ။ ဗမာပြည်က နှစ်လမ်းသွားလမ်းတွေက တကယ်တမ်းတော့ တလမ်းခွဲလောက်ပဲ ရှိတာ။ ကားနှစ်စီးဆုံရင် တစီးက ဘေးချပေးရတာလေ။
ချယ်ရီပန်းလေး မမွှေးသော်လည်း ထာဝစဉ်အသည်းလေး အေးစေမယ်ကွယ် တောင်ပေါ်သားလေးရဲ့ အသည်းဟာလည်း အမြဲတမ်း အချစ်စိတ်တွေ မပြယ်........... အကြင်နာ အနမ်းလေး ပေးလာတယ် ချယ်ရီရိပ်ရဲ့ အောက်မှာသူနဲ့ မြူမှုန်နှင်းပုလဲလေးတွေထဲ အသည်းကွဲမယ့် စကားတွေ မဆိုနဲ့...
ချစ်တဲ့.... တောင်တန်းကြီးရဲ့ အလှဟာလေ အမြဲထာဝရ စိမ်းလန်းစိုပြေ.... ပန်းချယ်ရီများ ဝေဆာနေ... မုန်းတယ်ဆိုစကားတွေ ပြောပါနဲ့လားလေ....
ဝေသီခေါင်အောင် မြင့်မားတဲ့မြေ... တောင်ပေါ်လမ်းက ကားလေးနဲ့လေ... ကြုံဆုံလို့တခေါက် ရောက်ခဲ့တာ... ချယ်ရီတွေ ပွင့်တဲ့ရှမ်းမြေ....
ချယ်ရီပန်းတွေတွေ့တော့ ချယ်ရီပါတဲ့ သီချင်းတွေ ညည်းမိတာ... အဲလို ကားအကြာကြီး စီးရတဲ့အခါ သူ့နံဘေးမှာထိုင်ရင်း သီချင်းလေး ညည်းရတာ ပျော်စရာ.... သူထွက်ပြေးလို့ မရတော့ဘူး....။
သည်မှာ စတည်းချပြီး တောင်တက်တောင်ဆင်း လုပ်လို့ရတယ် ထင်တယ်။ စခန်းလိုမျိုး တွေ့တာ၊ ဆင်းတော့ မကြည့်ပါဘူး... ကားပေါ်ကပဲ ဓာတ်ပုံရိုက်လိုက်တယ်....
အစက လမ်းက မဆိုးဘူး... နောက်တော့ သည်လို စဖြစ်လာတယ်... အပေါ်ယံ ကတ္တရာတွေ ကွာနေတာပေါ့....။ မောင်းလို့တော့ ဖြစ်နေပါသေးတယ်...
နောက်တော့ တဖြည်းဖြည်းနဲ့ ဗမာပြည်က စံချိန်မီလာတယ်.... ချိုင့်တွေချည်းပဲ...။ သည်ပုံက တော်သေးတယ်... နောက်ပိုင်း ချိုင့်တွေက ဧရာမကြီးတွေနဲ့ တလျှောက်လုံးဆိုတော့ မောင်းရတာ ခရီးမတွင်တော့ဘူး....
နောက်တော့ တောင်ဖက်က တက်လာတဲ့လမ်းနဲ့ ဆုံတဲ့အခါကျတော့ လမ်းက ပြန်ကောင်းလာတယ်။ ကိုယ်တွေက မြောက်ဖက်က လာတာလေ။ လမ်းကောင်းကောင်းမြင်မှ သဘောပေါက်တော့တယ်.... Doi Inthanon တောင်ကို လာရင် သည်တောင်ဖက်လမ်းက လမ်းမ လုပ်ထားတာ။ ကိုယ်တွေက ချင်းမိုင်ကဆိုတော့ ပိုနီးတဲ့ မြောက်ဖက်လမ်းက လာလိုက်တာ မြေပုံပေါ်မှာက ပိုနီးပေမယ့် လက်တွေ့မှာ မောင်းရတာ ခရီးမတွင်ဘူး။ ချင်းမိုင်ကနေ (မြောက်ဖက်က) လာရင် စောစောစီးစီး San Pa Thong မှာ ညာမကွေ့ပဲနဲ့ တောင်ဖက်ဆက်မောင်းသွားပြီး Chom Thong ဆိုတဲ့နေရာရောက်မှ ညာကွေ့တာ ကောင်းတယ်။ အဲဒါကမှ လမ်းမကြီး။ ဘာပဲဖြစ်ဖြစ် အဲလို မသိပဲ လျှောက်သွားရတာကိုက ပျော်စရာ....။ အသက်ကြီးလာရင်တော့ မသိဘူး... ခုချိန်ထိတော့ ခရီးသွားအုပ်စုနဲ့ သွားတာမျိုးရယ်၊ ကိုယ့်ဟာကိုယ် သတ်သတ် သွားတာရယ်ဆိုရင် ကိုယ့်ဟာကိုယ် သွားရတာပဲ ပျော်တယ်။
အမြင့်ဆုံးနေရာက သည်နေရာလေ..... Thailand´s highest peak... 2565 မီတာ....
အဲသည်နားကနေ ရိုက်ထားတာ... တိမ်စိုင်တချို့က ကိုယ့်အောက်မှာ....
သည်မှာ ဆိုင်ကလေး တဆိုင်ရှိတယ်.... မုန့်ခြောက်လေးတွေ ဝယ်စားပြီး အပေါ့အပါး သွားစရာနေရာလည်း ရှိတယ်....
ပန်းခြံလေးလည်း လုပ်ပေးထားတယ်....
Doi Inthanon National Park....
အပြန်ကျတော့ လမ်းမကြီးက ဖြူးလို့.... ရာသီဥတုကလည်း ကောင်းတယ်....။ ဒါကြောင့် ဟိုနေ့တုန်းက မသွားပဲ သည်နေ့မှ လာလိုက်တာလေ....
တောင်အောက်တနေရာမှာ တွေ့ရတဲ့ Doi Inthanon National Park ဆိုင်းဘုတ်....
အပြန်လမ်းမှာ စျေးဆိုင်တွေ တွေ့သေးတယ်... မဝင်ဖြစ်ပါဘူး။ တောင်ထိပ်ကို နေ့လည်တနာရီခွဲမှ ရောက်ပြီး ဓာတ်ပုံရိုက်တာနဲ့၊ လမ်းလျှောက်တာနဲ့၊ အပေါ့အပါးသွား၊ နားတာနဲ့ဘာနဲ့ အချိန်တောင် တော်တော်လင့်နေပြီ။ ဘယ်အချိန်မှ ဘန်ကောက် ရောက်မလဲ မသိ။ ဒါကြောင့်မို့ လိုအပ်မှသာ ကားရပ်တော့မယ်လေ။

မနက်ဆယ်နာရီလောက်က စားထားတာမို့ ဗိုက်ကဆာလာပြီ။ ကားပေါ်ပါလာတဲ့ အာလူးကြော်ထုပ်လည်း ပြောင်ပြီ။ တလမ်းလုံးလည်း ဆိုင်တွေကြည့်သွားလိုက်တာ တခုမှ သေချာမတွေ့ဘူး။ စားသောက်ဆိုင်တွေနဲ့ တွဲထားတဲ့ ဓာတ်ဆီဖြည့်တဲ့ဆိုင်မျိုးတွေလည်း မတွေ့ဘူး။ လမ်းက ဟိုင်းဝေးလမ်းမကြီး မဟုတ်တော့ အဲလိုဆိုင်တွေ မရှိတာ။ ထဲထဲဝင်ဝင်လည်း မရှာနိုင်ဘူး... လမ်းဘေးမှာ အဆင်သင့် တွေ့တဲ့ဆိုင်မှာမှ စားမှာလေ.... ဘန်ကောက်အဝင် နောက်ကျသည်ထက် နောက်ကျနေမှာစိုးလို့။ အခုတောင် တော်တော်နောက်ကျနေပြီ။ အဲဒါနဲ့ ဆက်မောင်းသွားတာ ညနေလေးနာရီလောက်မှပဲ စားစရာ တွေ့တော့တယ်။ ဆိုင်လေးက ခပ်စုတ်စုတ်။ ဝက်ကင်နဲ့ ပုံစားတဲ့ဟာမျိုး တယောက်တပွဲစီ စားကြတယ်။ စားလို့မကောင်းဘူး... ဒါပေမယ့် စားလို့ရလို့ပဲ တော်တော့တယ်။ ပေါတာကတော့ တော်တော်ပေါတယ်... တပွဲမှ ဘတ် ၃၀ ပဲ။ အဲဒါစားပြီး ကားကို တောက်လျှောက် ဆက်မောင်းတာပဲ။ တောင်ဖက်နီးလာတဲ့အချိန် ဟိုင်းဝေးလမ်းမပေါ် ပြန်တက်တော့ကျတော့ ဓာတ်ဆီဆိုင်တွေ မုန့်ဆိုင်တွေ တွေ့လာပါပြီ။ မုန့်ဆင်းဝယ် အအေးဆင်းဝယ်ပြီး မနားတမ်းမောင်းတာ ည ၁၂နာရီမှ ဟိုတယ်ရောက်ပြီး တနာရီမှ အိပ်ရာဝင်ရတယ်။ ဟိုတယ်ကလည်း လေဆိပ်နဲ့ နီးတာပဲ တည်းလိုက်တယ်။ တည်းနေကျ ဟိုတယ်က ဘွတ်ကင်မလုပ်ထားတော့ အခန်းမရှိဘူးတဲ့။ သည်တော့ ထပ်ရှာရတာပေါ့။ အဆင်ပြေသွားပါတယ်။ အိပ်ချိန်တော့ လျော့သွားတာပေါ့.... မနက် ၅နာရီ ကွင်းဆင်းရမှာ။
ချင်းမိုင်ခရီးစဉ်တော့ ပြီးပြီ။ အကျိုးဆက်ကတော့ ကိုယ်က အနှိပ်ခန်းနဲ့ ဟိုတယ်က အဲကွန်းမိပြီး လည်ချောင်းနာ၊ နှာစေး၊ ချောင်းဆိုး... သူကတော့ ဝက်ကင်နဲ့ ထမင်းတပုံ စားလိုက်တာ ဗိုက်ပျက်သွားပါတယ်။