Sunday, February 26, 2012

ချိစ်ဝက်သားပြား

မနေ့က စျေးသွားတော့ ဝက်သားပြားနုနုလေးတွေ တွေ့လို့ ဝယ်လာခဲ့လိုက်တယ်။ ခုတလော အာရှပုံစံတွေ ချက်စားဖြစ်နေရာက အပြောင်းအလွဲလေးအဖြစ် Käse Schnitzel ချိစ်ဝက်သားပြား ချက်မယ်လို့ စိတ်ကူးလိုက်တယ်လေ။ အသီးအရွက်အတွက် ဆူခိနီရယ်၊ ချယ်ရီခရမ်းချဉ်သီး သေးသေးလေးတွေပေါ့။ ဒါနဲ့ သည်နေ့ ချက်ဖြစ်သွားတယ်။
ဆူခိနီကို သန့်စင်လှီးဖြတ်ထား၊ ကြက်သွန်နီကို လေးစိတ် မကြီးမသေးလေးတွေ လှီးထားပြီး ခဏဘေးဖယ်ထားလိုက်တယ်။ ဆားနည်းနည်း၊ ငရုတ်ကောင်းနဲ့ နယ်ထားတဲ့ ဝက်သားပြားတွေကို (ခဏလေးနဲ့ ကျက်အောင် မိနစ်ပိုင်းလေးနဲ့တင် အမြန်ကျက်တဲ့ Minutensteak ကို သုံးတယ်) ဆီ ထမင်းစားဇွန်း နှစ်ဇွန်းလောက်ထည့်ထားတဲ့ ဒယ်အိုးထဲမှာ နီယောင်သမ်းတဲ့အထိ မီးပြင်းပြင်းတိုက်တယ်။ နှစ်ယောက်စာကို သုံးပြားပဲ လုပ်လိုက်တယ်။ ရရင် ဆယ်လိုက်ပြီး Oven ထဲထည့်ဖုတ်မယ့် ဗန်း သို့မဟုတ် စဉ့်ပန်းကန်ထဲ ထည့်ပြီး အသားတပြားစီရဲ့ အပေါ်မှာ ဝက်ဆားနယ်ခြောက် တပြားစီတင်တယ်... အပေါ်ကနေ ချိစ်အမာ Tiroler Bergkäse ရဲ့ အမှုန့်ဖြူးလိုက်တယ်။ ၂၀၀ ဒီဂရီစင်တီဂရိတ်လောက် ကြိုတင်အပူပေးထားတဲ့ Oven ထဲမှာ အပေါ်မီးအောက်မီးနဲ့ ဆယ်မိနစ်လောက် ထားလိုက်တယ်။ ချိစ်တွေ အရည်ပျော်ပြီး ကြွပ်လာရင်၊ ဝက်ဆားနယ်ခြောက်လည်း အရောင်ပြောင်းလို့ ကျက်သွားရင် ရပါပြီ။
အဲလို Oven ကို ပစ်ထားတုန်း ခုနက အသားကြော်ထားတဲ့ ဒယ်အိုးထဲကို ကြက်သွန်နီလှီးထားတာ ထည့်မွှေ (ဆီထပ်မထည့်တော့ဘူး)၊ ခရမ်းချဉ်သီးလေးတွေ နှစ်ခြမ်းခြမ်းထားတာထည့်၊ ဆူခိနီထည့်၊ အရသာနဲ့ အရည်အတွက် Brühe / Broth လေး နည်းနည်းထည့်တယ်။ ဆူခိနီက ခဏလေးဆိုရပြီ။ Thymian / thyme အခြောက်ကိုလည်း နည်းနည်း ဖြူးလိုက်သေးတယ်။ မွှေးတာပေါ့။ Oven ထဲက အသားကျက်ရင် ထုတ်ပြီး ပန်းကန်ထဲ တခုစီထည့်... ဘေးနားမှာ အသီးအရွက်လေးတွေ ပုံလိုက်တော့ စားလို့ရပြီပေါ့။ ဆူခိနီအစား ဘိုစားပဲသီးတို့ ဘာတို့ သုံးလည်းရတယ်။

Read More...

Friday, February 17, 2012

ချင်းမိုင်(၇)

အမှန်တော့ သည်နေ့လိုမျိုးက အစောကြီးထဖို့ကောင်းတာ... ဘန်ကောက်အထိ သည်နေ့အရောက် မောင်းရမှာရယ်၊ ပြီးတော့ လမ်းမှာ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ် နေရာလည်း ဝင်ချင်သေးတာလေ။ ဒါပေမယ့် ထုံးစံအတိုင်းပေါ့ ဟိုတယ်ကထွက်တော့ မနက် ၁၀နာရီ။ ချင်းမိုင်က မထွက်ခင် Wat Phra Singh ဝပ်ဖရာဆင်း ဘုရားကို ဓာတ်ပုံတခါ ပြန်သွားရိုက်ကြတယ်။ ဟိုးနေ့က ရိုက်ထားတဲ့ပုံတွေက သိပ်စိတ်တိုင်း မကျဘူးလေ။ သည်နေ့တော့ မနက်ပိုင်းမို့လို့ နေရောင်အနေအထားအရ ပိုရိုက်လို့ကောင်းတယ်။ အဲသည်ဘုရားက တက္ကစီမောင်းတဲ့သူက ထိုင်းမှတ်လို့ လာပြီး ထိုင်းလိုပြောနေတာ ကိုယ်က ဗမာလို့ပြောတော့မှ သူကလည်း ဗမာပဲတဲ့... ငယ်ကတည်းက ရောက်နေတာတဲ့။ ဗမာလို တတ်လားဆိုတော့ ဘာမှ မတတ်တော့ဘူး... တလုံးပဲ တတ်တယ်တဲ့ ဆိုပြီးပြောတာ ဘာများလဲလို့.... ဗိုက်ဆာတယ် တဲ့.... သည်တလုံးပဲ ပြောတတ်တော့တယ်တဲ့။ သူငယ်ငယ် ကလေးအရွယ်တုန်းက အမြဲပြောနေကျ စကားများလား....။ သူကတော့ ရယ်ရယ်မောမောပါပဲ... တယောက်နဲ့တယောက် ဖြစ်သလိုအင်္ဂလိပ်စကားနဲ့ လျှောက်ပြောကြတယ်။ သူက တက္ကစီ မငှားဘူးလား မေးတော့ ငါတို့မှာ ကားပါတယ် လို့... သည်နေ့ပဲ ပြန်တော့မှာဆိုပြီး နှုတ်ဆက်ပြီး ထွက်ခဲ့ကြတယ်။
Wat Phra Singh အထဲဖက်....
လမ်းမှာတွေ့တဲ့ ခေါက်ဆွဲပဲ ဝင်စားလိုက်တာ....။ ပထမနေ့က ခေါက်ဆွဲလောက်တော့ မကောင်းဘူး... စားလို့တော့ ရပါတယ်...
စားပြီးခရီးဆက်တယ်။ ထုံးစံအတိုင်း ကိုယ်က မြေပုံကြည့် သူက ကားမောင်း....။ San Pa Thong ဆိုတဲ့မြို့ လမ်းဆုံရောက်တော့ ညာဖက်ချိုးပေါ့။ တောင်ပေါ်လမ်းဆိုတော့ နှစ်လမ်းသွား ခပ်ကျဉ်းကျဉ်းပဲ။ ကျဉ်းပေမယ့် ကားနှစ်စီး လွတ်လွတ်လပ်လပ် ရှောင်လို့ရတယ်၊ ကတ္တရာလည်း ခင်းထားတာ ချောလို့ပဲ။ ဗမာပြည်က နှစ်လမ်းသွားလမ်းတွေက တကယ်တမ်းတော့ တလမ်းခွဲလောက်ပဲ ရှိတာ။ ကားနှစ်စီးဆုံရင် တစီးက ဘေးချပေးရတာလေ။
ချယ်ရီပန်းလေး မမွှေးသော်လည်း ထာဝစဉ်အသည်းလေး အေးစေမယ်ကွယ် တောင်ပေါ်သားလေးရဲ့ အသည်းဟာလည်း အမြဲတမ်း အချစ်စိတ်တွေ မပြယ်........... အကြင်နာ အနမ်းလေး ပေးလာတယ် ချယ်ရီရိပ်ရဲ့ အောက်မှာသူနဲ့ မြူမှုန်နှင်းပုလဲလေးတွေထဲ အသည်းကွဲမယ့် စကားတွေ မဆိုနဲ့...
ချစ်တဲ့.... တောင်တန်းကြီးရဲ့ အလှဟာလေ အမြဲထာဝရ စိမ်းလန်းစိုပြေ.... ပန်းချယ်ရီများ ဝေဆာနေ... မုန်းတယ်ဆိုစကားတွေ ပြောပါနဲ့လားလေ....
ဝေသီခေါင်အောင် မြင့်မားတဲ့မြေ... တောင်ပေါ်လမ်းက ကားလေးနဲ့လေ... ကြုံဆုံလို့တခေါက် ရောက်ခဲ့တာ... ချယ်ရီတွေ ပွင့်တဲ့ရှမ်းမြေ....
ချယ်ရီပန်းတွေတွေ့တော့ ချယ်ရီပါတဲ့ သီချင်းတွေ ညည်းမိတာ... အဲလို ကားအကြာကြီး စီးရတဲ့အခါ သူ့နံဘေးမှာထိုင်ရင်း သီချင်းလေး ညည်းရတာ ပျော်စရာ.... သူထွက်ပြေးလို့ မရတော့ဘူး....။
သည်မှာ စတည်းချပြီး တောင်တက်တောင်ဆင်း လုပ်လို့ရတယ် ထင်တယ်။ စခန်းလိုမျိုး တွေ့တာ၊ ဆင်းတော့ မကြည့်ပါဘူး... ကားပေါ်ကပဲ ဓာတ်ပုံရိုက်လိုက်တယ်....
အစက လမ်းက မဆိုးဘူး... နောက်တော့ သည်လို စဖြစ်လာတယ်... အပေါ်ယံ ကတ္တရာတွေ ကွာနေတာပေါ့....။ မောင်းလို့တော့ ဖြစ်နေပါသေးတယ်...
နောက်တော့ တဖြည်းဖြည်းနဲ့ ဗမာပြည်က စံချိန်မီလာတယ်.... ချိုင့်တွေချည်းပဲ...။ သည်ပုံက တော်သေးတယ်... နောက်ပိုင်း ချိုင့်တွေက ဧရာမကြီးတွေနဲ့ တလျှောက်လုံးဆိုတော့ မောင်းရတာ ခရီးမတွင်တော့ဘူး....
နောက်တော့ တောင်ဖက်က တက်လာတဲ့လမ်းနဲ့ ဆုံတဲ့အခါကျတော့ လမ်းက ပြန်ကောင်းလာတယ်။ ကိုယ်တွေက မြောက်ဖက်က လာတာလေ။ လမ်းကောင်းကောင်းမြင်မှ သဘောပေါက်တော့တယ်.... Doi Inthanon တောင်ကို လာရင် သည်တောင်ဖက်လမ်းက လမ်းမ လုပ်ထားတာ။ ကိုယ်တွေက ချင်းမိုင်ကဆိုတော့ ပိုနီးတဲ့ မြောက်ဖက်လမ်းက လာလိုက်တာ မြေပုံပေါ်မှာက ပိုနီးပေမယ့် လက်တွေ့မှာ မောင်းရတာ ခရီးမတွင်ဘူး။ ချင်းမိုင်ကနေ (မြောက်ဖက်က) လာရင် စောစောစီးစီး San Pa Thong မှာ ညာမကွေ့ပဲနဲ့ တောင်ဖက်ဆက်မောင်းသွားပြီး Chom Thong ဆိုတဲ့နေရာရောက်မှ ညာကွေ့တာ ကောင်းတယ်။ အဲဒါကမှ လမ်းမကြီး။ ဘာပဲဖြစ်ဖြစ် အဲလို မသိပဲ လျှောက်သွားရတာကိုက ပျော်စရာ....။ အသက်ကြီးလာရင်တော့ မသိဘူး... ခုချိန်ထိတော့ ခရီးသွားအုပ်စုနဲ့ သွားတာမျိုးရယ်၊ ကိုယ့်ဟာကိုယ် သတ်သတ် သွားတာရယ်ဆိုရင် ကိုယ့်ဟာကိုယ် သွားရတာပဲ ပျော်တယ်။
အမြင့်ဆုံးနေရာက သည်နေရာလေ..... Thailand´s highest peak... 2565 မီတာ....
အဲသည်နားကနေ ရိုက်ထားတာ... တိမ်စိုင်တချို့က ကိုယ့်အောက်မှာ....
သည်မှာ ဆိုင်ကလေး တဆိုင်ရှိတယ်.... မုန့်ခြောက်လေးတွေ ဝယ်စားပြီး အပေါ့အပါး သွားစရာနေရာလည်း ရှိတယ်....
ပန်းခြံလေးလည်း လုပ်ပေးထားတယ်....
Doi Inthanon National Park....
အပြန်ကျတော့ လမ်းမကြီးက ဖြူးလို့.... ရာသီဥတုကလည်း ကောင်းတယ်....။ ဒါကြောင့် ဟိုနေ့တုန်းက မသွားပဲ သည်နေ့မှ လာလိုက်တာလေ....
တောင်အောက်တနေရာမှာ တွေ့ရတဲ့ Doi Inthanon National Park ဆိုင်းဘုတ်....
အပြန်လမ်းမှာ စျေးဆိုင်တွေ တွေ့သေးတယ်... မဝင်ဖြစ်ပါဘူး။ တောင်ထိပ်ကို နေ့လည်တနာရီခွဲမှ ရောက်ပြီး ဓာတ်ပုံရိုက်တာနဲ့၊ လမ်းလျှောက်တာနဲ့၊ အပေါ့အပါးသွား၊ နားတာနဲ့ဘာနဲ့ အချိန်တောင် တော်တော်လင့်နေပြီ။ ဘယ်အချိန်မှ ဘန်ကောက် ရောက်မလဲ မသိ။ ဒါကြောင့်မို့ လိုအပ်မှသာ ကားရပ်တော့မယ်လေ။
မနက်ဆယ်နာရီလောက်က စားထားတာမို့ ဗိုက်ကဆာလာပြီ။ ကားပေါ်ပါလာတဲ့ အာလူးကြော်ထုပ်လည်း ပြောင်ပြီ။ တလမ်းလုံးလည်း ဆိုင်တွေကြည့်သွားလိုက်တာ တခုမှ သေချာမတွေ့ဘူး။ စားသောက်ဆိုင်တွေနဲ့ တွဲထားတဲ့ ဓာတ်ဆီဖြည့်တဲ့ဆိုင်မျိုးတွေလည်း မတွေ့ဘူး။ လမ်းက ဟိုင်းဝေးလမ်းမကြီး မဟုတ်တော့ အဲလိုဆိုင်တွေ မရှိတာ။ ထဲထဲဝင်ဝင်လည်း မရှာနိုင်ဘူး... လမ်းဘေးမှာ အဆင်သင့် တွေ့တဲ့ဆိုင်မှာမှ စားမှာလေ.... ဘန်ကောက်အဝင် နောက်ကျသည်ထက် နောက်ကျနေမှာစိုးလို့။ အခုတောင် တော်တော်နောက်ကျနေပြီ။ အဲဒါနဲ့ ဆက်မောင်းသွားတာ ညနေလေးနာရီလောက်မှပဲ စားစရာ တွေ့တော့တယ်။ ဆိုင်လေးက ခပ်စုတ်စုတ်။ ဝက်ကင်နဲ့ ပုံစားတဲ့ဟာမျိုး တယောက်တပွဲစီ စားကြတယ်။ စားလို့မကောင်းဘူး... ဒါပေမယ့် စားလို့ရလို့ပဲ တော်တော့တယ်။ ပေါတာကတော့ တော်တော်ပေါတယ်... တပွဲမှ ဘတ် ၃၀ ပဲ။ အဲဒါစားပြီး ကားကို တောက်လျှောက် ဆက်မောင်းတာပဲ။ တောင်ဖက်နီးလာတဲ့အချိန် ဟိုင်းဝေးလမ်းမပေါ် ပြန်တက်တော့ကျတော့ ဓာတ်ဆီဆိုင်တွေ မုန့်ဆိုင်တွေ တွေ့လာပါပြီ။ မုန့်ဆင်းဝယ် အအေးဆင်းဝယ်ပြီး မနားတမ်းမောင်းတာ ည ၁၂နာရီမှ ဟိုတယ်ရောက်ပြီး တနာရီမှ အိပ်ရာဝင်ရတယ်။ ဟိုတယ်ကလည်း လေဆိပ်နဲ့ နီးတာပဲ တည်းလိုက်တယ်။ တည်းနေကျ ဟိုတယ်က ဘွတ်ကင်မလုပ်ထားတော့ အခန်းမရှိဘူးတဲ့။ သည်တော့ ထပ်ရှာရတာပေါ့။ အဆင်ပြေသွားပါတယ်။ အိပ်ချိန်တော့ လျော့သွားတာပေါ့.... မနက် ၅နာရီ ကွင်းဆင်းရမှာ။
ချင်းမိုင်ခရီးစဉ်တော့ ပြီးပြီ။ အကျိုးဆက်ကတော့ ကိုယ်က အနှိပ်ခန်းနဲ့ ဟိုတယ်က အဲကွန်းမိပြီး လည်ချောင်းနာ၊ နှာစေး၊ ချောင်းဆိုး... သူကတော့ ဝက်ကင်နဲ့ ထမင်းတပုံ စားလိုက်တာ ဗိုက်ပျက်သွားပါတယ်။

Read More...

Wednesday, February 15, 2012

ချင်းမိုင်(၆)

ဘာလိုလိုနဲ့ ချင်းမိုင်မှာနေတာ သည်နေ့ဆိုရင်ပဲ နောက်ဆုံးဖြစ်နေပြီ။ အစကတည်းက တွေးထားတဲ့အတိုင်း နေ့တဝက်ကို အေးအေးဆေးဆေး နားပြီး ကျန်တဲ့နေ့တဝက်ပဲ ထွက်လည်ဖြစ်နေတယ်။ နားတာက ကိစ္စမရှိပါဘူး... ဒါပေမယ့် မနက်နိုးလို့ အချိန်အတိုင်းအတာ တခုရောက်ပြီဆိုရင် ဗိုက်ကဆာပြီ... သူက မထသေးဘူး။ မနေ့က ချိန်းထားတာရှိလို့ နည်းနည်းစောထပေမယ့် သည်နေ့တော့ မထပဲ သူကအိပ်နေတုန်းပဲ။ သည်ကလည်း ဗိုက်ဆာပြီဆိုရင် စိတ်ကတိုရောဆိုတော့ သူ့ကို ထဖို့ဆွယ်လို့ မရတာနဲ့ စိတ်တိုပြီး တယောက်တည်းပဲ ထွက်သွားပစ်လိုက်တယ်။ ပထမဆုံးမနက်က စားခဲ့တဲ့ခေါက်ဆွဲ သိပ်ကောင်းတာမို့ ထပ်စားမယ်ဆိုပြီး....။ အဲသည်တုန်းက ဘေးမှာအဖော်ပါတော့ ဆိုင်ကို သေချာမမှတ်ထားလိုက်မိဘူး။ အခု လမ်းမကြီးဖက် ထွက်လာခဲ့ပြီး ညာဖက်တကြော အဆုံးထိ ပြန်လိုက်ရှာတော့ ရှာလို့မတွေ့တော့ဘူး။ အင်း.... ဘယ်ဖက်တကြော ဖြစ်နိုင်တယ်။ ဒါပေမယ့် နေက ပူလွန်းလို့ သွားဖို့ရာ စိတ်မပါတော့ဘူး။ နောက်ပြီး စာအုပ်ထဲဖတ်ထားပြီး စားမယ်တွေးထားတဲ့ (ဟိုတနေ့က ပိတ်နေလို့ မစားလိုက်ရတဲ့) ဂျေရုဆလင်ဆိုတဲ့ ဆိုင်လေးရယ်၊ စားချင်နေတဲ့ လန်းနားထိုင်း အစားအစာတွေရတဲ့ စားသောက်ဆိုင်တခုလည်း တွေ့တယ်။ တယောက်တည်း ဝင်စားပစ်မလို့ပဲ နောက်တော့ စိတ်လည်းပြေနေတာနဲ့ ဟိုတယ်ပဲ ပြန်လိုက်ပါတော့တယ်။ သည်လောက် စိတ်လုပ်ပေးလိုက်ရရင် တော်ပါပြီလေ။
နှစ်ယောက်သား ပြန်ပေါင်းထုပ်ပြီး သကာလ လန်းနားဆိုင်မှာ စားဖြစ်သွားတယ်။ ဆိုင်က ခြေတံရှည်အိမ်ပုံစံလို ဆောက်ထားတာ။ အောက်ထပ်က အပွင့်ပေါ့။ အဝင်ဝမှာ သည်ဒေသရဲ့ မီးပုံးလေးတွေနဲ့....
ရှမ်းဝက်အူချောင်းနဲ့ ထမင်းကြော်.... သည်လို ဝက်အူချောင်းမျိုးဆို အရမ်းကြိုက်....
အရမ်းကြိုက်တဲ့ ဝက်နံရိုးပိန္နဲသီးဟင်းရည်.... အစပ်မပါပဲ ချက်ခိုင်းထားတာ... သိပ်ကောင်းတာပဲ...
ဝက်သီဟိုစေ့ကြော်...
ငါးမုန့်ကြော် ဘာကြော်ညာကြော်လေးတွေလည်း ချပေးသေးတယ်။ အချိုပွဲက အုန်းသီးရေခဲမုန့်....
စားသောက်ပြီးတော့ နေသာတာမို့ ဒွိုင်ဆူထေ့ပ်တောင်ပေါ်က ဘုရားဆီ ထွက်ခဲ့ကြတယ်။ ဆင်စီးဦးမလား သူကမေးပေမယ့် မစီးချင်တော့ပါဘူး။ အရင်တခေါက်ကတော့ ဆင်တွေပန်းချီဆွဲတာ၊ ဘောလုံးကန်တာ ကြည့်ပြီး တောလမ်းခရီး ဆင်စီးကြသေးတယ်။
သည်ပန်းချီ သည်ဆင်လေး တကယ်ဆွဲတာ....
ဘောလုံးကန်နေကြတာ....
ဆင်စီးချင်ရင်....
အခုတော့ တောင်ပေါ်ပဲ မောင်းခဲ့ကြတယ်။ လမ်းမှာ တောင်ပေါ်ကို စက်ဘီးနဲ့ တက်နေကြတဲ့ အဖွဲ့တွေလည်း တွေ့ရတယ်။
တောင်အောက်မုခ်ဝ....
တောင်အောက်မှာ စျေးဆိုင်တန်းတွေ အများကြီးပဲ။ ဘာတွေညာတွေ ဝယ်စားလို့ရတယ်။ ထုံးစံအတိုင်း တွေ့လေရာမှာ လိမ္မော်ရည် ညှစ်ပြီးသား ပုလင်းလေးတွေ သောက်တာမို့ ခုလည်း လိမ္မော်ရည်ပဲ။
သည်လှေကားကနေ တက်ရမှာ....
အပေါ်ရောက်ပြီ.... သည်ရင်ပြင်တော်ပေါ်မှာ ဖိနပ်စီးလို့ရတယ်။ အဲဒါမျိုး သဘောကျတယ်.....
စက္ကူပန်းရုံနားကနေ ချင်းမိုင်မြို့ကို လှမ်းရိုက်ထားတာ....
ရင်ပြင်ပေါ် တပတ်ပတ်၊ ဓာတ်ပုံတွေ လိုက်ရိုက်ပြီးတော့မှ အပေါ်ရင်ပြင်ကို တက်ကြမယ်လေ....
သည်ကနေ တက်ရတာ.... အပေါ်မှာတော့ ဖိနပ်မစီးရတော့ဘူး.... အောက်မှာ ဖိနပ်တွေ ချွတ်ထားခဲ့ရတယ်....
အပေါ်ရင်ပြင်က ဘုရား....
အပြန်ကျတော့ အောက်ဖက်စျေးတန်းတွေကပဲ ကျွဲကောသီးနဲ့ သရက်သီးတွေ ဝယ်လာခဲ့လိုက်တယ်။ ညနေ သူအနှိပ်သွားခံတာ လိုက်မသွားတော့ဘူး။ မနက်ဖြန်အတွက် ပစ္စည်းတွေ သိမ်းရဆည်းရဦးမယ်လေ။

Read More...

Saturday, February 11, 2012

ချင်းမိုင် (၅)

သည်နေ့တော့ သူငယ်ချင်းလင်မယားနဲ့ ချိန်းထားတာမို့ စဲန်ထရာအဲပို့တ်ပလာဇာကို ထွက်လာခဲ့ကြတယ်။ မနက် ၁၁နာရီချိန်းထားတာ ပလာဇာထဲက သည်ငါးကန်ကြီး ဘေးနားမှာဆိုပြီး.....
ကိုယ်တို့ရောက်တော့ သူတို့မရောက်သေးဘူး။ သူတို့က အဝေးကနေ ကားမောင်းလာရမှာဆိုတော့ နောက်ကျနိုင်တာပဲဆိုပြီး ဗိုက်ကလည်း ဆာနေတာနဲ့၊ ထိုင်လည်း ထိုင်ချင်တာနဲ့ အဲသည်ငါးကန်ဘေးက မက်ဒေါ်နယ်မှာ အာလူးချောင်းကြော်လေး မှာစားပြီး စောင့်ကြတယ်။ နောက်တော့ သူ့ကို ဆိုင်မှာထားခဲ့ပြီး အဲသည်နားက စားသောက်ဆိုင်တန်းကို ပတ်တာ စားချင်စရာတွေ အများကြီး တွေ့ခဲ့တယ်။ သူငယ်ချင်းတွေ လာရင်လည်း နေ့လည်စာက တန်းစားရတော့မှာမို့လို့ ဘာစားရင် ကောင်းမလဲဆိုတာ လိုက်ကြည့်နေမိတယ်။ ချင်းမိုင်မှာသာ နေရလို့ကတော့ စျေးသုံးချင်စရာတွေ အများကြီးပဲ။ နောက်တော့ ငါးဖယ်ကြော်နည်းနည်း ဝယ်လိုက်တယ်။ ဟိုမှာဆို ငါးဖယ်ကြော် မစားရဘူး မဟုတ်လား။ တခါလားပဲ အာရှဆိုင်က ခြစ်ပြီးသားအထုပ် ဝယ်လုပ်စားဖူးပါတယ်... ဘလော့ခ် စရေးကာစ လောက်ကပေါ့။ စျေးကလည်း ကြီးသေး ထုတ်လည်းမထုတ်လို့ နောက်မလုပ်တော့ဘူးလေ။
အခုငါးဖယ်ကြော်က ဆီတွေများလိုက်တာ လည်ချောင်းတောင် ယားချင်သလိုလို ဖြစ်လာလို့ ကုန်အောင်မစားတော့ပဲရပ်လိုက်ရတယ်.........
သူငယ်ချင်း လင်မယားလည်း ရောက်လာကြပါပြီ။ ရောက်တာနဲ့ နေ့လည်စာ စားချိန်မို့ တန်းစားကြတာပဲ။ သည်အောက်ထပ်မှာ စားမယ်မှတ်တာ မဟုတ်ဘူး အပေါ်ထပ်မှာ ရှိသေးတယ်ဆိုလို့ သွားကြည့်ပြီး ဖူဂျီဆိုတဲ့ ဆိုင်မှာ ဂျပန်စာ စားကြတယ်။ ဂျပန်စာဆိုရင် ဆူရှီနဲ့ ဆာရှိမိကလွဲလို့ ဘာမှန်းကို သိပ်မသိတော့ စမ်းသပ်ကြည့်ရသေးတာပေါ့လေ။ (ဆူရှီတော့ လုံးဝမကြိုက်ဘူး။ ထမင်း၊ သခွားသီး၊ ကြက်ဥကြော်၊ ကြက်အူချောင်း စတဲ့ ဆူရှီထဲ ထည့်ကြတဲ့ အဆာပလာတွေကို တခုမှကို မကြိုက်တာ။ ငါးစိမ်းလည်း မကြိုက်ဘူးလေ။ ဘန်ကောက်က ဆီရမ်စကွဲပေါ်က အိုအိရှိဆိုတဲ့ ဆိုင်မှာ ဘူဖေးစားတဲ့အခါလည်း ဂျပန်စာတွေအများကြီး ပါပေမယ့် ရှောင်ပြီး တခြားဟာတွေ၊ ချက်ချင်းကြော်ခိုင်းလို့ ရတာတွေပဲ ရွေးစားကြတာလေ။ အဲသည်ဆိုင်မှာက အီတလီစာတွေလည်း ရတာကိုး။ ဘူဖေးဆိုတော့ ကိုယ်စားချင်တာ ယူရုံပဲ။) သူကလည်း ဂျပန်စာ သိပ်ကြိုက်တာ မဟုတ်ဘူး။ ခုလို သူများနဲ့ ညှိရရင်တော့ ကိုယ်တို့က အမြဲ လိုက်လျောညီထွေ ရှိတတ်ပါတယ်။ ကိုယ့်ဟာကိုယ်ဆိုရင်သာ ကြေးများတတ်တာ။ တယောက်တည်းသာဆို အောက်ဖက်စျေးတန်းထဲက စားစရာလေးတွေ ဟိုဟာနည်းနည်း သည်ဟာနည်းနည်း စားချင်တာ။
မီနူးထဲက ပုံတွေကြည့်သာကြည့်တာ သူက ဘာမှာရမှန်း မသိတာနဲ့ ကိုယ်ကပဲ ရွေးပေးလိုက်တယ်.... အမဲသား....။ သည်လိုလေးဆိုတော့ ဂျပန်စာစစ်စစ်လို မဟုတ်ပဲ အင်တာနယ်ရှင်နယ်လို ပုံစံလေး ဖြစ်သွားရော။ စားလို့ဝင်လို့ အရွေးတော်သွားတယ်.....
ဒါက ကိုယ့်အတွက်....
သည်ငါးက အရသာမဝင်တဲ့အပြင် ဝါးရတာထုတ်ထုတ်နဲ့ ရာဘာဝါးရသလိုမို့ ကြိုက်ကို မကြိုက်ဘူး.....
တိုဖူးဟင်းချို.... မကြိုက်ဘူး....။ တကယ်ဆို တိုဖူးကြိုက်ရဲ့သားနဲ့ အခုဟင်းချိုကတော့ လုံးဝအရသာ မရှိဘူး ဖြစ်နေတယ်....
စားလို့ဖြစ်သွားပေမယ့် သေချာတယ် ကိုယ့်ဟာကိုယ်ဆို နောက်တခါ စားဖြစ်မှာ မဟုတ်ဘူး။ ကိုယ်အရွေးမတော်လို့လည်း ဖြစ်ချင်ဖြစ်မှာပါလေ။
စားပြီးသွားတော့ အမျိုးသမီးနဲ့ စျေးဆိုင်တွေပတ်... အမျိုးသားနှစ်ယောက်ကတော့ နောက်က တကောက်ကောက်လိုက်ပေါ့။ ပိုလိုရှပ်တထည် စျေးတန်တာနဲ့ ဝယ်တယ်။ လက်ဆောင်ပဲ ပေးပေး သူပဲ ဝတ်ဝတ်ပေါ့။ တခြားဘာမှ မဝယ်ဖြစ်ဘူး။ မိတ်ဆွေအမျိုးသမီးကလည်း ဘာမှမဝယ်ပါဘူး ဒါပေမယ့် အဲလို မျက်စေ့အရသာခံတာကိုက အမျိုးသမီးတွေ အကျင့်လေ။ အထက်အောက် နှံ့အောင်ပတ်လိုက်တာ မောသွားလို့ ရေခဲမုန့်စားကြတယ်။
စဲန်ထရာအဲပို့တ်ပလာဇာ....
ကားလည်းရောင်းတယ်...
သူတို့နဲ့ လမ်းခွဲတော့ ညနေလေးနာရီကျော်ပြီ။ ဟိုတယ်ရောက်တော့ ခဏနား၊ ပလာဇာက ဝယ်လာတဲ့မုန့်တွေ အဆာပြေထပ်စားပြီး တူတူအနှိပ်သွားခံကြတယ်။ ကားယူသွားတယ်... အနှိပ်ခံပြီးရင် ညစျေးဆက်မောင်းမလို့လေ။ သည်ညစျေးက နည်းနည်းဝေးတယ် ညတိုင်းဖွင့်တဲ့ ချင်းမိုင်ညစျေး။ မြို့ဟောင်းထဲက ညစျေးက စနေတနင်္ဂနွေပဲ ဖွင့်တာလေ။ နှိပ်ပေးတဲ့ ကောင်မလေးက ဟိုနေ့တွေက ကိုယ်မပါလို့ မေးနေသေးတယ်။ ဟုတ်တယ် ငါ စျေးလျှောက်လည်နေတာလို့။ သည်ကောင်မလေးနှိပ်တာ ကောင်းပေမယ့် သူက တခါတခါ လက်တဖက်နဲ့နှိပ်ရင်း လက်တဖက်က ဖုန်းနဲ့မက်ဆေ့ချ် တလုံးနှစ်လုံး ခိုးရိုက်နေတတ်တယ်။ ကိုယ်ကလည်း မျက်စေ့မှိတ်ထားပေမယ့် လက်နှစ်ဖက်လုံး အလုပ်မလုပ်တော့ဘူးဆိုရင် သိတာပေါ့။ သူ့ရဲ့ ယောက်ျားလေး အနှိပ်သည်ကတော့ တော်တယ်... စိတ်ရှည်တယ်။ ဒါကြောင့်သူက ဒီနေရာပဲ သွားတာ။
သည်နေ့တော့ စောစောစီးစီး အနှိပ်ခံလို့ ပြီးသွားတော့ ညစျေးထဲ ခဏသွားကြတယ်။
တော်တော်လှတဲ့ ချည်ဘောင်းဘီလေး နှစ်ထည်ကို ဘတ်၇၀၀နဲ့ ရခဲ့တယ်။ ကိုယ်သဘောကျလို့ လှတယ်ထင်နေတာလည်း ဖြစ်မှာပါ။ ရောင်းတဲ့ ကောင်မလေးကလည်း သိပ်စိတ်ရှည်တယ်။ သည်ဘောင်းဘီလေးတွေက သူ့ဆိုင်ပိုင်ရှင်အစ်မကိုယ်တိုင် ဒီဇိုင်းထွင်ပြီး ချုပ်တာတဲ့။ ပုံစံတမျိုးကို တထည်စီပဲ ရှိတယ်တဲ့။ ဟုတ်တယ်..... ဟိုရယ်ဒီမိတ်တွေလို ပုံစံတူ အရောင်တူ ဆင်တူအများကြီး လိုချင်လို့ မရဘူး။ ဟိုမှာ နွေရာသီ ဝတ်ရမယ်.... ဟိုကလူတွေ ချည်ဘောင်းဘီ လှလှလေးတွေကို ဝိုင်းကြည့်ကြမှာ မြင်ယောင်သေးတယ်။ ဘောင်းဘီတွေ ရွေးရင်း ဘာယူရမလဲလို့ ဝေခွဲမရဖြစ်နေတာကို မကူညီပဲ သူက ဝေဖာဝယ်စားရင်း စောင့်နေတယ်။ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ဝယ်ပြီးတော့မှ ညစာစားမလားလို့မေးတော့ ဗိုက်ပြည့်သွားပြီတဲ့။ အတော်ပါပဲ ကိုယ်ကလည်း မစားချင်တော့တာနဲ့...... အပြန်ကျမှ သရက်သီးသုံးလုံး ဝယ်လာပြီး ဒါပဲတူတူ စားလိုက်တော့တယ်။ သရက်သီးက ၃လုံးကို တကီလိုစီးတယ်။ တကီလိုကို ဘတ်၁၀၀ တဲ့။ တမြို့လုံး သည်စျေးပဲ။

Read More...

Tuesday, February 7, 2012

ချင်းမိုင်(၄)

အနောက်နဲ့ အရှေ့ အချိန်အပြောင်းအလွဲတွေနဲ့ နေသားကျလာပြီမို့ သည်နေ့မနက်တော့ ၈နာရီလောက် နိုးလာတယ်။ သူကတော့ မနိုးသေးဘူး။ အချိန်ရလို့ကတော့ သူက နောက်ကျအိပ် နောက်ကျထတတ်သူလေ။ ကိုယ်ကတော့ ဘယ်လိုနေရာမှာဖြစ်ဖြစ် စောစောအိပ် စောစောထချင်သူ။ အခုကတော့ အားလပ်ရက်ဖြစ်နေတော့ သူ့အလိုလိုက်ပြီး စောင့်နေလိုက်ပါတယ်။ အင်တာနက်ဝင် ဟိုဖတ်သည်ဖတ်။ အင်တာနက်သာ မရှိရင် ဘာလုပ်ရမှန်း သိမှာမဟုတ်ဘူး.... တော်တော် သည်းခံအောင့်အည်းပြီး စောင့်ရတာ... ကိုယ်တော်ချောက နေ့လည် ၁၁နာရီမှ နိုးတော်မူတယ်လေ။ နိုးနိုးချင်းလည်း သူက ထတတ်တာ မဟုတ်ဘူး... ဟိုလှိမ့်သည်လှိမ့်နဲ့ ထဖို့ကို အရှိန်ယူသေးတာ။ ဒါနဲ့ ကိုယ်ဗိုက်ဆာနေပြီ ဖြစ်တဲ့အကြောင်း၊ သနားလို့ ချစ်လို့ မနှိုးချင်လို့ ပေးအိပ်ထားတာ ဖြစ်တဲ့အကြောင်း မြန်မြန်ထအောင် ပြောရတယ်။ သူလည်း ခုထိ စိတ်မတိုသေးတဲ့ ကိုယ့်ရဲ့ သည်းခံနိုင်စွမ်းကို အသိအမှတ်ပြုပြီး မြန်မြန်ပဲ ထပြီး ပြင်ဆင်ရှာပါတယ်။ ဒါနဲ့ပဲ ၁၂နာရီလောက်မှာ အပြင်ထွက်ဖြစ်တယ်ပေါ့။
ဆာလွန်းတော့ ဟိုဆိုင်သည်ဆိုင် ရွေးမနေတော့ပဲ ဟိုတယ်ကနေ လျှောက်လာပြီး မကြာခင်တွေ့တဲ့ လူတွေစုပြုံတိုးနေတဲ့ ဆိုင်တဆိုင်မှာ ဆာတေးနဲ့ထမင်းဆီဆမ်း ဝင်စားလိုက်ကြတယ်။ သူကအမှန်ဆို ဆိုင်ရွေးချင်တယ်။ အခုတော့ ဗိုက်အရမ်းဆာနေရင် စိတ်တိုတတ်တဲ့ ကိုယ့်အကြောင်းသိတာနဲ့ သည်ဆိုင်မှာပဲ ဝင်လိုက်တာ။ သည်ဆိုင်ကလည်း ဆာတေးပဲ ရတာလေ။ စျေးလည်း တော်တော်ချိုတယ်။ ထမင်းဆီဆမ်း၊ ဝက်သားကြော်နဲ့ ဆာတေးစားတာ ဘတ်၁၀၀ပဲ ကုန်တယ်။ ဆိုင်ရှင်အဖိုးကြီးကလည်း သဘောကောင်းတယ်။
ထမင်းစားပြီးတော့တင်ကို နေ့ဝက်ကျော်နေပြီမို့ သည်နေ့ဘာလုပ်ကြမှာလဲ စဉ်းစားကြတော့...... ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ် ဆိုတာက ချင်းမိုင်နဲ့ သိပ်မဝေးတော့ အဲသည်ကိုလည်း သွားချင်တယ်။ ကားနဲ့ ထွက်တောင် ထွက်လာပြီးပြီ.... ဒါပေမယ့် သည်နေ့က မွန်းလွဲလည်းဖြစ်နေပြီ... ပြီးတော့ တိမ်ထူထူ မိုးအုံ့အုံ့ ရာသီဥတုက မကောင်းတာမို့ ဓာတ်ပုံရိုက်လို့ မလှဘူးဆိုပြီး Lamphun လမ်ပွန်ရောက်မှ ဆက်မမောင်းတော့ပဲ အဲသည်မြို့လေးက Wat Phra That Hariphunchaiဘုရား ကိုပဲ ဝင်ဖူးလိုက်တော့တယ်။
ချင်းမိုင်အထွက်...
ဘုရားဖူးကားတစင်း... နှစ်ထပ်ကားမို့ သဘောကျလို့....
ဘုရားဝင်း အဝင်ဝ....
ဘုရားနဲ့ မျက်နှာချင်းဆိုင် လမ်းတဖက်က စျေးတန်းထိပ်.....
အထဲမှာက သည်လို....
ချည်ထည်နဲ့လုပ်ထားတဲ့ တိုလီမုတ်စလေးတွေ ကြိုက်တယ်... အိမ်တွင်းစီးဖိနပ် နှစ်ရံနဲ့ ခြေသုတ်ဖုံတခု ဝယ်တယ်...
လက်မှုပစ္စည်းလေးတွေ ဟိုဝယ်သည်ဝယ်လုပ်ပြီး ဟိုတယ်ပြန်လာခဲ့လိုက်တယ်။ သည်နေ့က ဆန်းဒေးဆိုတော့ ညကျ ဆန်းဒေးမားကက်သွားတယ်။ စနေစျေးထက် ပိုကြီး ပိုစည်တယ်။ တချို့နေရာတွေမှာ ကြပ်ညပ်နေတာ လမ်းတောင် တရွေ့ရွေ့နဲ့ သွားရတယ်။ အဲဒါမျိုးဆို သိပ်စိတ်မရှည်ဘူး။ သူက ဆိုင်တဆိုင်မှာ ထိုင်စားချင်တယ်။ ကိုယ်က စျေးတန်းထဲမွှေပြီး ဟိုနည်းနည်း သည်နည်းနည်း စားချင်တာ။ ညှိမနေတော့ဘူး ကိုယ်ကြိုက်ရာ ကိုယ်လုပ်ကြမယ်ဆိုပြီး လူခွဲလိုက်တယ်။ သည်လိုပဲပေါ့ တခါတလေ တူတူ၊ တခါတလေ တကွဲစီ။ အမြဲတမ်းတော့ ညှိမနေနိုင်ဘူးလေ။
ထိုင်စရာနေရာလွတ် မရှိတဲ့ စားသောက်ဆိုင်....
စျေးတန်းလျှောက်၊ ပစ္စည်းတွေငေး၊ အကင် ဟိုတတို့သည်တတို့စား၊ လိမ္မော်ရည်သောက်၊ မုန့်အချိုလေးတွေ ဝယ်စား။ ချည်အင်္ကျီ တထည်ဝယ်။ တယောက်တည်းမို့ လက်မအားလို့ ဓာတ်ပုံမရိုက်နိုင်တော့ဘူး။ ချိန်းထားတဲ့အချိန်ရောက်တော့ ချိန်းထားတဲ့ နေရာမှာ သူနဲ့ကိုယ် ပြန်ဆုံကြ။
ကဲ အခုဘာလုပ်ကြမလဲ ဆိုတော့ သူက အနှိပ်သွားခံမယ်တဲ့....။ တွေ့တဲ့နေရာမှာ အနှိပ်ခံတာမဟုတ်ပဲ နှိပ်နေကျဆိုင် သွားမှာတဲ့။ အဲလိုပြန်လျှောက်ရမှာ စိတ်မရှည်လို့ သူတယောက်တည်းပဲ သွားလို့ ပြောလိုက်တယ်။ နောက်တနာရီကျော်ကျော်အကြာ နေရာတခုမှာ ပြန်တွေ့ဖို့ ချိန်းလိုက်တယ်။ ကိုယ်ကတော့ ပစ္စည်းတွေထပ်ငေး စျေးတန်းအဆုံးထိ လျှောက်မှာပေါ့။ လျှောက်ရင်းလျှောက်ရင်း ခြေထောက်က ညောင်းလာတော့မှ တွေ့တဲ့နေရာမှာ ခြေထောက်ချည်း အနှိပ်ခံလိုက်တယ်... နာရီဝက်ကို ဘတ်၆၀။ နာရီဝက်ဆို လုံလောက်ပြီလေ။ ညောင်းတာကလည်း ခြေထောက်ပဲဥစ္စာ။ တနာရီလုံး မလှုပ်မယှက် အနှိပ်ခံရမှာ ပျင်းစရာကြီး။ အနှိပ်ခန်းထဲမှာက အဲကွန်းကလည်း ဖွင့်ထားတော့ အအေးမိပြီး နှာတောင်ချေတယ်။ ခုလိုဆိုတော့ ဘယ်လောက်ကောင်းလဲ... ခြေထောက်အနှိပ်ခံတဲ့ဆိုင်က စျေးတန်းထဲမှာ၊ ဘာအဲကွန်းမှမပါ လေဟာပြင်မှာ။ စျေးတန်းနဲ့ လူတွေကိုလည်း ငေးလို့ရသေးတယ်။ မပျင်းတော့ဘူးပေါ့။ အနှိပ်ခံဖို့ ထိုင်လိုက်ပြီးမှ ခြေထောက်နှိပ်ပေးတာက ဆီတွေလူးသေးတယ်ဆိုတာ သိရတယ်။ ဆီပါတာ မကြိုက်ဘူး... ပေမှာစိုးလို့.... ဆိုတော့ မိန်းမကြီးက သေချာပြန်သုတ်ပေးတယ်လေ တဲ့။ ယိုးဒယားလိုပြောတာပါ။ စကားမတတ်ပေမယ့် သူပြောချင်တာ သိလိုက်ပါတယ် လက်ဟန်ခြေဟန်နဲ့ပေါ့။ အိုကေ လေ။
ခြေထောက်ဆန့်ပေးထားရင်း လက်ကအငြိမ်မနေ ရှေ့တည့်တည့်စျေးတန်းက လူတွေကို ဓာတ်ပုံရိုက်....
အနှိပ်ခံပြီးတော့တခါ လျှောက်ရင်းလျှောက်ရင်း မျက်စေ့လည်သွားလို့ ချိန်းထားတဲ့နေရာ မနည်းပြန်ရှာယူရသေးတယ်။ သူရောက်လာတော့ အစာပိတ်အနေနဲ့ ခွာပြီးသား သရက်သီး၊ ကျွဲကောသီး ဗူးလေးတွေနဲ့ ကျောက်ကျောအမဲဗူးလေး ဝယ်ပြီး ဟိုတယ်ပြန်ခဲ့ကြတယ်။ သည်ရောက်တုန်းတော့ သရက်သီးနဲ့ ကျွဲကောသီး နေ့တိုင်းစားတယ်လေ။

Read More...